နိုင်ပွဲ ဆက်ဦးမယ့် ပြင်သစ်နဲ့ ဇွန်လ ၂၂ ရက်နေ့ ကမ္ဘာ့ဖလား ခန့်မှန်းချက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 22, 2026

နိုင်ပွဲ ဆက်ဦးမယ့် ပြင်သစ်နဲ့ ဇွန်လ ၂၂ ရက်နေ့ ကမ္ဘာ့ဖလား ခန့်မှန်းချက်



၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

.

အာဂျင်တီးနား - ဩစတြီးယား (ည ၁၁-၃၀)

.

အုပ်စု J မှာ ၃ မှတ်စီ ရထားတဲ့ အသင်း နှစ်သင်း တွေ့ကြတဲ့ ပွဲမို့ ဒီပွဲမှာ နိုင်တဲ့သူက အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တစ်ဆင့် တက်နိုင်မှာပါ။ အာဂျင်တီးနားက အဖွင့်ပွဲမှာ အယ်လ်ဂျီးရီးယားကို ၃-၀ နဲ့ နိုင်ခဲ့သလို ဩစတြီးယားကလည်း ဂျော်ဒန်ကို ၃-၁ နဲ့ နိုင်ခဲ့တာပါ။

.

အာဂျင်တီးနား တိုက်စစ်မှာ မာတီနက်ဇ်၊ မက်ဆီ အတွဲပဲ ပွဲထွက်လာဖို့ များပြီး အန်ဇို၊ မက်အလစ္စတာနဲ့ ဒီပေါလ်တို့က ကွင်းလယ်မှာ ကစားကြမှာပါ။ ခံစစ်မှာတော့ မာတီနက်ဇ်နဲ့ ရိုမီယိုအတွဲကိုပဲ မြင်ရဖို့ များပါတယ်။ ဩစတြီးယားဖက်မှာတော့ ဂျော်ဒန်နဲ့ ပွဲမှာ အနား ရထားတဲ့ အနော်တိုဗစ် က တိုက်စစ်မှာ ဦးဆောင်လာမှာပါ။ ဆာဘစ်ဇာ၊ ချုဝီမီကာ တို့ရဲ့ကွင်းလယ်၊ အလာဘာ ဦးဆောင်လာမယ့် ခံစစ်နဲ့အတူ ဩစတြီးယားကလည်း လူစုံထုတ် ကစားမှာပါ။

.

အာဂျင်တီးနားရဲ့ ၄ ပွဲဆက် ဂိုး မပေးထားရတဲ့ ခံစစ်ကို ဩစတြီးယားတို့ ဂိုး သွင်းနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပြီး ဂျော်ဒန်ကိုတောင် ဂိုးပေးခဲ့ရတဲ့ ဩစတြီးယား ခံစစ်က မက်ဆီ ကို ထိန်းနိုင်ပါ့မလား ဆိုတာကလည်း မေးခွန်း တစ်ခုပါ။ ခြေစွမ်းအရတော့ တစ်ဦးချင်းကောင်းတဲ့ အာဂျင်တီးနားက အသင်းလိုက် ကောင်းတဲ့ ဩစတြီးယား ကို အနိုင် ရသွားဖို့ များပါတယ်။ အာဂျင်တီးနား ၃ မှတ်ရသွားမယ့် ပွဲပါ။

.

ပြင်သစ် - အီရတ် (နံနက် ၃-၃၀)

.

ဆီနီဂေါကို ဂိုးပြတ်နိုင်ပြီး ၃ မှတ် ယူထားတဲ့ ပြင်သစ်က ဒီနေ့မှာ အီရတ်နဲ့ ကစားရမှာပါ။ ပြင်သစ် တိုက်စစ်က ကမ္ဘာ့ဖလား အသင်းတွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရပြီး ဘက်ပီ၊ အိုလစ်ဆီ၊ ဘာကိုလာနဲ့ ဒမ်ဘီလီ အတွဲက တော်တော်လေး အဆင်ပြေနေတာကို တွေ့ရတာပါ။ အီရတ်ကတော့ နော်ဝေကို ဂိုးပြတ်ရှုံးခဲ့ပြီး ခံစစ်ကစားပုံကလည်း တော်တော်လေး ညံ့ပါတယ်။

.

အီရတ်ရဲ့ တာဆင်၊ ဟာရှန် ခံစစ် အတွဲလောက်နဲ့တော့ ပြင်သစ်တိုက်စစ်ကို ဟန့်တားဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ဘက်ပီကလည်း ကမ္ဘာ့ဖလား ဂိုးသွင်းသူ စာရင်းမှာ မက်ဆီနဲ့ အပြိုင် ဖြစ်နေတာမို့ ဂိုး ရသလောက် ယူမှာပါ။ ပြင်သစ်ရဲ့ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲကို ထပ်ပြီး တွေ့ရဦးမယ့် ပွဲပါ။

.

နော်ဝေ - ဆီနီဂေါ (နံနက် ၆-၃၀)

.

အဖွင့်ပွဲမှာ အမှတ်ပြည့် ရခဲ့တဲ့ နော်ဝေက သူတို့ထက် အများကြီး တောင့်တင်းတဲ့ ဆီနီဂေါကို ဘယ်လို တုံ့ပြန်မလဲ စောင့်ကြည့်ရမယ့် ပွဲပါ။

.

နော်ဝေက ဟာလန်း၊ ဆော်လော့၊ အိုဒီဂတ်နဲ့ ဘာ့ခ်ျတို့ကို အားကိုး ကစားနေရတာ ဖြစ်ပြီး ခံစစ်ပိုင်းမှာလည်း အားသာချက် သိပ်မရှိပါဘူး။ ဆီနီဂေါကတော့ ဂွီယီ၊ ဆား၊ ဒီယာရီ၊ မာနေး တို့ရဲ့ကွင်းလယ်နဲ့ နော်ဝေကို တုန့်ပြန်မှာ ဖြစ်ပြီး ကူလီဘာလီ၊ နီယာခါနီ တို့ရဲ့ခံစစ်ကလည်း အရမ်းကြီး အခြေအနေ ဆိုးနေတဲ့ အထဲတော့ မပါဘူး။

.

ပြီးခဲ့တဲ့ပွဲမှာ ပြင်သစ်ကို ရှုံးခဲ့တာမို့ ဒီပွဲမှာ ဆီနီဂေါ တို့ အမှတ်ရဖို့ ကြိုးစားလာမှာ ဖြစ်ပြီး နော်ဝေဆီကနေ အနည်းဆုံး သရေ တစ်မှတ်တော့ ရသွားမယ် ထင်ပါတယ်။

.

ဂျော်ဒန် - အယ်လ်ဂျီးရီးယား (နံနက် ၉-၃၀)

.

နှစ်သင်း စလုံးက အုပ်စု J ရဲ့ အိမ်ဖြည့် အသင်းတွေလို ဖြစ်နေကြပြီး ခံစစ်တွေကလည်း တော်တော်ဆိုးပါတယ်။ တိုက်စစ်မှာတော့ ဂျော်ဒန်ရဲ့ တာမာရီ ဦးဆောင်တဲ့ တိုက်စစ်ထက် အယ်လ်ဂျီးရီးယားရဲ့ မာရက်ဇ်၊ မာဇာ၊ အစ်နူးရီ တို့က ပိုပြီး ကောင်းတယ်ဆိုတာ အသေအချာပါပဲ

.

ဒီပွဲကိုသာနိုင်ရင် နောက်ဆုံးပွဲ ဖြစ်တဲ့ ဩစတြီးယားနဲ့ ပွဲကို အဆုံးအဖြတ် ကစားဖို့ အခွင့်အရေး ရှိလာနိုင်တာမို့ အယ်လ်ဂျီးရီးယားတို့ ၃ မှတ် အပြည့် ရဖို့ ကြိုးစားလာမှာပါ။ အယ်လ်ဂျီးရီးယား ၃ မှတ်ရသွားဖို့ သေချာသလောက်ပါပဲ။

.

#KBZTai #Shan #Sports #Football #WC2026

.

No comments:

Post a Comment

Pages