ဆာဟာရသဲကန္တာရထဲမှာ ကား ပျက်သွားလို့၊ ရေငတ်ပြီး လူ ၄၉ ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 6, 2026

ဆာဟာရသဲကန္တာရထဲမှာ ကား ပျက်သွားလို့၊ ရေငတ်ပြီး လူ ၄၉ ဦး သေဆုံး



နိုင်ဂျာနိုင်ငံ မြောက်ပိုင်း၊ ဆာဟာရသဲကန္တာရ အတွင်းမှာ ကုန်တင်ကား တစ်စီး ပျက်သွားခဲ့ပြီး ရက် အတော်ကြာတဲ့ အထိ ပြင်မရ ဖြစ်နေခဲ့တာကြောင့် လူ ၄၉ ဦး ရေငတ် သေဆုံးသွားခဲ့ကြတယ်လို့ နိုင်ဂျာ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
.
သေဆုံးသူတွေက နိုင်ဂျာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ မာလီ နိုင်ငံကနေ နိုင်ဂျာနိုင်ငံထဲ ပြန်လာကြသူတွေ ဖြစ်ပြီး မိသားစုတွေနဲ့အတူ ပွဲတော်ကို ကျင်းပဖို့ ပြန်လာကြတာပါ။ နိုင်ဂျာနဲ့ အယ်လ်ဂျီးရီးယား ၂ နိုင်ငံအကြား အဓိက နယ်စပ် ဖြတ်ကျော်မြို့ ဖြစ်တဲ့ အက်ဆာမာကာမြို့နဲ့ မိုင် ၅၀ ကျော်ဝေးတဲ့ နေရာ၊ ဆာဟာရသဲကန္တာရ တစ်နေရာ အရောက်မှာတော့ သူတို့ စီးလာတဲ့ ကားက ပျက်သွားခဲ့တာပါ။
.
ကားကို ယာဉ်မောင်း၊ အကူနဲ့ ခရီးသည်တွေက ပြုပြင်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း မအောင်မြင်ခဲ့ကြပဲ ခရီးသည်တွေက အပူချိန် မြင့်မားပြီး အရိပ် လုံးဝ မရှိတဲ့ သဲကန္တာရ အလယ်မှာ ပိတ်မိနေခဲ့တာပါ။ အဲဒီ နောက်မှာတော့ ပါလာတဲ့ ရေတွေ ကုန်သွားခဲ့တာကြောင့် ရေ ပြတ်လပ်သွားခဲ့ပြီး သေဆုံးမှုတွေ ဆက်တိုက် ဖြစ်လာကြတာ ဖြစ်ပါတယ်။
.
ဒါပေမယ့် အဲဒီ ဖြစ်စဉ်မှာ လွတ်မြောက်လာသူ ၂ ဦးလည်း ရှိခဲ့ပြီး သူတို့ကတော့ ရေ ရှိတဲ့ နေရာဆီ ကီလိုမီတာ ၅၀ ကျော်လောက် လမ်းလျှောက်ပြီး ရောက်သွားခဲ့ကြတာပါ။ အဲဒီနောက် သူတို့ နှစ်ယောက်ကပဲ အက်ဆာမာကာမြို့ကို ဆက်လက် သွားရောက်ပြီး အာဏာပိုင်တွေဆီ သတင်း ပို့ခဲ့ကြတာပဲ ဖြစ်ပါတယ်။
.
စစ်ဆေးမှုတွေ အရတော့ ခရီးသည်တွေနဲ့ ကုန်စည်တွေ တင်ဆောင်လာတဲ့ ကုန်တင်ကား ဟာ မာလီနိုင်ငံ တယ်ဟန်ဒက် မြို့ကနေ ရက်ပေါင်း များစွာ မောင်းနှင်လာခဲ့တာ ဖြစ်တယ်လို့ သိရတာပါ။ ဒါပေမယ့် ကား ပျက်သွားရတဲ့ အကြောင်းရင်းနဲ့ ခရီးသည်တွေ ဘယ်လောက် ကြာအောင် စောင့်ဆိုင်း နေခဲ့ရတယ် ဆိုတာကိုတော့ မသိနိုင်ကြသေးပါဘူး။
.
ကုန်တင်ကားအောက်နဲ့ ပတ်ဝန်းကျင်မှာ သေဆုံးနေတဲ့ ခန္ဓာကိုယ်တွေကို တွေ့ခဲ့ရပြီး လူတချို့ စတင် သေဆုံးချိန်မှာ တချို့က ကြောက်စိတ်ကြောင့် သေဆုံးကြတာလည်း ဖြစ်နိုင်တယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်ဖို့ သွားတဲ့အဖွဲ့က မှတ်ချက် ချပါတယ်။
.
ဆာဟာရ သဲကန္တာရဟာ အာဖရိကနိုင်ငံကနေ ဥရောပကို သွားရောက်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် လူသိ များတဲ့ ဖြတ်သန်းရာ လမ်းတစ်ခု ဖြစ်ပြီး ပြင်းထန်တဲ့ အပူချိန်အောက်မှာ ရေငတ်ခြင်း ဒါမှမဟုတ် အစာငတ်ခြင်းကြောင်း လူ အများအပြား သေဆုံးလေ့ရှိတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။

.
Source – Reuters

.
#KBZTai #Shan #Sahara #International

No comments:

Post a Comment

Pages