စိုးရိမ်ဖွယ်ရာ အေးသာယာက လူမှောင်ခို ဖြစ်စဉ် [ဆောင်းပါး] - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 17, 2026

စိုးရိမ်ဖွယ်ရာ အေးသာယာက လူမှောင်ခို ဖြစ်စဉ် [ဆောင်းပါး]

.

“အေးသာယာမြို့သည် တောင်ကြီးမြို့နယ်တွင် တည်ရှိပြီး မြို့တော်နှင့် ၇ မိုင်ကျော်ခန့်သာ ကွာဝေးသည်”

.

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ မြို့တော်တောင်ကြီးရဲ့ အနီးဆုံးနေရာဖြစ်တဲ့ အေးသာယာမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် ၂ ဦးကို ပြည့်တန်ဆာအဖြစ် စေခိုင်းရန် အလို့ငှာ လူကုန်ကူး ရောင်းစားမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

.

လူကုန်ကူးခံရတဲ့ မိန်းကလေးငယ် ၂ ဦးကတော့ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နဲ့ ကျောင်းကြီးစုရပ်ကွက် တွေမှာ နေထိုင်ကြတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တွေဖြစ်ပြီး သူတို့ ၂ ဦးဟာ အလုပ်အကိုင် ရှာဖွေဖို့အတွက် ဇွန်လ ၁၃ ရက်၊ မနက်ပိုင်းက တောင်ကြီးကနေ ရွှေညောင်မြို့ကို လိုင်းကားနဲ့ ထွက်ခွာ လာပြီး ရွှေညောင်ဘူတာကို ရောက်တဲ့အချိန်မှာ ဆိုဖီယာ (ခ) မြင့်သူဇာလွင် ဆိုသူနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

.

ဆိုဖီယာက မိန်းကလေးငယ် ၂ ယောက်ကို KTV မှာ အလုပ်လုပ်ရင် လစာကောင်းကောင်းရမယ်၊ ငွေလည်း ကြိုထုတ်လို့ရတယ်လို့ ပြောဆိုစည်းရုံးတဲ့အတွက် မိန်းကလေးငယ်တွေက သဘောတူခဲ့ပြီး ဆိုဖီယာ နဲ့ သန်းသန်းဆင့် (ခ) မိုးစက်တို့ ဆိုင်ကယ်နဲ့ ခေါ်ဆောင်တဲ့နောက်ကို လိုက်ပါလာပြီး အေးသာယာမြို့က နန်းရွှေရည် KTV လို့ အမည်တပ်ထားတဲ့ ပြည့်တန်ဆာခန်းတစ်ခုကို ရောက်ရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

.

သူတို့ကို ပို့ဆောင်ပေးခအဖြစ် ဆိုဖီယာနဲ့ မိုးစက်တို့ကို နန်းရွှေရည် KTV ဆိုင်ပိုင်ရှင် နွယ်နီဦး (ခ) ဂျူလိုင်မိုး ထံကနေ ငွေကျပ် ၂ သိန်း တောင်းခံရာမှာတော့ ဆိုင်ရှင်က သူတို့ ၂ ဦးကို အလုပ်ခိုင်းကြည့်ပြီး အဆင်ပြေမှ ငွေအပြည့်ပေးမယ် လို့ဆိုကာ ၁ သိန်းကို ဦးစွာ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

.

အဲဒီနောက်မှာ ဆိုင်ရှင် ဂျူလိုင်မိုးက မိန်းကလေးငယ် ၂ ဦးကို ရေမိုးချိုး အလှပြင်၊ အဝတ်လဲကြဖို့ ပြောဆို တဲ့အတွက် ရေချိုးပြီး အလှပြင်နေတဲ့ အချိန်ကျမှ အဲဒီဆိုင်မှာ ရှိနေတဲ့ တခြား မိန်းကလေးတစ်ယောက်ရဲ့ ပြောဆိုချက်အရ သူတို့ကို ပြည့်တန်ဆာအဖြစ် လုပ်ခိုင်းမယ်ဆိုတာ သိခဲ့ရတာ ဖြစ်ပါတယ်။

.

အဲဒီလို သိရပြီးနောက်မှာ မိန်းကလေးငယ် ၂ ယောက်က ပြည့်တန်ဆာအဖြစ် မလုပ်ကိုင်နိုင်ကြောင်း ပြောဆို တဲ့အတွက် ဆိုင်ရှင် ဂျူလိုင်မိုးက သူတို့ကို ဆိုင်ညအိပ်စေပြီး အလုပ်မဆင်းခိုင်းခဲ့ဘူးလို့ ဆိုပါတယ်။

.

နောက်တစ်ရက် မနက်မှာ ဆိုဖီယာနဲ့ မိုးစက်တို့ ဆိုင်ကို ပြန်လည်ရောက်ရှိလာပြီး ပွဲစားခ ကျန်ငွေ တစ်သိန်း ကျပ် တောင်းခံတဲ့အခါမှာ ဆိုင်ရှင် ဂျူလိုင်မိုးက မိန်းကလေး ၂ ဦးကို အလုပ်ခိုင်းလို့ အဆင်မပြေတဲ့အတွက် ပွဲစားခအဖြစ် ပေးထားတဲ့ တစ်သိန်းကိုပါ ပြန်ပေးရန် ပြောလာတဲ့အတွက် ဆိုဖီယာနဲ့ မိုးစက်တို့က ပြန်မပေး နိုင်ဘူးလို့ ပြောတဲ့အခါ မိန်းကလေးငယ် ၂ ဦးအနက် တစ်ဦးက ငွေရှာပေးမယ်လို့ ဆိုပြီး ဆိုင်ကနေ ထွက်ခွာ လာခဲ့တယ်လို့ သိရပါတယ်။

.

ဆိုင်က ထွက်လာတဲ့ မိန်းကလေးငယ်ဟာ ရွှေညောင်မြို့၊ ရပ်စောက်လမ်းခွဲမှာ တာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးကို အကူအညီတောင်းခံခဲ့ပြီးတော့ ယာဉ်ထိန်းတပ်ဖွဲ့ဝင် ကနေတစ်ဆင့် အေးသာယာ နယ်မြေရဲစခန်းက နယ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးကို အကူအညီတောင်းခံခဲ့ပြီးတော့ ဆိုင်မှာ ကျန်နေတဲ့ မိန်းကလေးငယ်ကို သွားရောက်ခေါ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

.

ဖြစ်စဉ်နဲ့ ဆိုဖီယာ (ခ) မြင့်သူဇာလွင်နဲ့ သန်းသန်းဆင့် (ခ) မိုးစက်တို့အပြင် KTV ဆိုင် ပိုင်ရှင် နွယ်နီဦး (ခ) ဂျူလိုင်မိုး တို့ ၃ ဦးးကို ရွှေညောင်နယ်မြေရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခဲ့တယ်လို သိရပါတယ်။

.

ဒါ့အပြင် မိန်းကလေးငယ် ၂ ဦးကိုတော့ ဇွန်လ ၁၆ ရက်၊ နေ့လယ်ပိုင်းက ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ရပ်/ကျေးလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်တွေက လိုအပ်တဲ့ မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

.

တစ်ချိန်တည်းမှာပဲ ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ နန်းရွှေရည် KTV ဆိုင်ကို သွားရောက်စစ်ဆေးခဲ့ရာမှာတော့ ဘာမှ မတွေ့ခဲ့ရဘူးလို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

.

“သတင်းက ကြိုပေါက်သွားတော့ သူတို့က အကုန်ရှင်းလင်းထားပြီးပြီ၊ အထောက်အထားတွေ မတွေ့ရ တော့ဘူး။ ဒါပေမဲ့ ပိုင်ရှင်ကိုတော့ ဖမ်းလိုက်တယ်” လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။

.

အမှုနဲ့ ပတ်သက်လို့ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ် ၂ ဦးကို ပြည့်တန်ဆာအဖြစ် စေခလိုင်းရန် အလို့ငှာ ငွေကြေး အကျိုးအမြတ် ရယူပြီး ပို့ဆောင်ပေးခဲ့တဲ့ ဆိုဖီယာ (ခ) မြင့်သူဇာလွင်၊ သန်းသန်းဆင့် (ခ) မိုးက်နဲ့ ပြည့်တန်ဆာအဖြစ် စေခိုင်းရန် လက်ခံထားတဲ့ နွယ်နီဦး (ခ) ဂျူလိုင်မိုး တို့ ၃ ဦးကို ရွှေညောင် နယ်မြေရဲစခန်းမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်‌ရေးဥပဒေ ပုဒ်မ-၃၅/၄၄ နဲ့ ဇွန်လ ၁၆ ရက်၊ ညပိုင်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

.

ဒီဖြစ်စဉ်တစ်ခုလုံးကို ကြည့်မယ်ဆိုရင် လူကုန်ကူး ရောင်းစားခံရတဲ့ မိန်းကလေးငယ်ဟာ လည်လည် ဝယ်ဝယ်ရှိတာကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ကနေတစ်ဆင့် သက်ဆိုင်ရာကို အကြောင်းကြား တိုင်ကြား နိုင်ခဲ့တာကြောင့် ပြည့်တန်ဆာအဖြစ် ရောင်းစားခံရမယ့် အခြေအနေကနေ သူတို့ ရုန်းထွက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

.

ဒါအပြင် အခြားတစ်ဘက်မှာလည်း ဒီကိစ္စကို သတင်းမီဒီယာတွေက ကြားသိပြီးတော့ ဖြစ်စဉ် တစ်ခုလုံး မြန်မြန်ဆန်ဆန်နဲ့ အမှုမှန် ပေါ်ပေါက်အောင် သတင်းဖော်ထုတ် ရေးသားနိုင်ခဲ့တာကလည်း အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေဖို့ တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။

.

အခုလို ဖြစ်စဉ်မျိုး တခြား လူမသိ၊ သူမသိ ရောင်းစားလို့ ပြည့်တန်ဆာဘဝ ရောက်ပြီး ပန်းကောင်း အညွန့်ကျိုး ဖြစ်ခဲ့ရတဲ့ မလည်မဝယ် မိန်းကလေးငယ်တွေ နောက်ထပ် ဘယ်လောက်တောင် ရှိနေမယ် ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

.

အေးသာယာမြို့ဟာ ရှမ်းမြို့တော် တောင်ကြီးရဲ့ အနီးဆုံးမှာ ရှိနေပြီး တောင်ကြီးရဲ့ မြို့ရံတစ်ခု ဖြစ်သလို ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ တစ်ခုတည်းသော စက်မှုဇုန်ကြီး တည်ရှိရာမြို့ကြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြို့တော် တောင်ကြီးကနေ မြန်မာပြည် ဒေသအရပ်ရပ်ကို ထွက်ခွာနေတဲ့ အဝေးပြေးကားတွေ ရပ်နားရာ ကားကွင်းလည်း တည်ရှိနေတဲ့ စီးပွားရေးအချက်အခြာမြို့တစ်ခု ဖြစ်ပါတယ်။

.

လူစုံ၊ အလွှာစုံသလို ပြဿနာပေါင်းစုံတွေလည်း ရှိနေတယ်လို့ အေးသာယာမှာ တာဝန်ကျနေတဲ့ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကလည်း ပြောဆိုထားပါတယ်။

.

အေးသာယာမြို့မှာ KTV အမည်ခံပြီးတော့ အခုလို မကောင်းတာ လုပ်စားနေတဲ့ ပြည့်တန်ဆာခန်းတွေက တရားဝင်သဖွယ် ဖွင့်လှစ်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်လို့  အမျိုးကောင်းသမီးတွေနဲ့ အများပြည်သူ အတွက် စိတ်အနှောင့်အယှက် ဖြစ်နေရတာလည်း ဖြစ်ပါတယ်။

.

မြို့တော် တောင်ကြီး လို့‌ ပြောလိုက်တာနဲ့ ရှမ်းပြည်နယ်အစိုးရ ရုံးစိုက်ရာမြို့၊ လူထုကိုယ်စားလှယ်တွေ တက်ရောက်တဲ့ လွှတ်တော်ကြီး တည်ရှိရာမြို့၊ အေးချမ်းသာယာတဲ့မြို့၊ စိန်းလန်းစိုပြည်တဲ့မြို့၊ သန့်ရှင်းပြီး နေချင်စဖွယ် ကောင်းတဲ့မြို့လို့ အားလုံးက သိထားကြတာပါ။

.

ဒါပေမဲ့ မြို့တော်တောင်ကြီးနဲ့ အနီးဆုံးမှာ ရှိနေတဲ့ အေးသာယာရဲ့ အမှောင်ဘက်ခြမ်းတွေကြောင့် မြို့တော် တောင်ကြီးမှာ အရုပ်ဆိုးအကျည်းတန်ပြီး အစွန်းအထင်းတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေရပါတယ်။

.

ဒါကြောင့် မြို့တော် တောင်ကြီးကို အကျည်းမတန်စေဖို့၊ နောက်ထပ်‌ နောက်ထပ်သော မိန်းကလေးငယ် တွေ ပန်းကောင်းအညွန့်ကျိုး မဖြစ်စေဖို့၊ အေးသာယာ ဆိုတဲ့ နာမည်နဲ့အညီ မြို့သူမြို့သားတွေ သာမက အဂန္တု ဧည့်သည်တွေပါ အေးချမ်းသာယာ အမောပြေနိုင်စေဖို့ တရားမဝင် ပြည့်တန်ဆာလုပ်ငန်းတွေ အေးသာယာ မှာ လုံးဝ ပပျောက်သွားနိုင်ပါစေလို့ ဆုတောင်းနေမိပါတော့တယ်။  

.

No comments:

Post a Comment

Pages