၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်
.
၂၀၂၆ မြန်မာနေရှင်နယ်လိဂ်၊ အမျိုးသမီးလိဂ်ပြိုင်ပွဲ
အဖွင့်ပွဲစဉ်မှာတော့ ရှမ်းယူနိုက်တက်အသင်းနဲ့ ISPE အသင်းတို့
ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့ကြတာ ဖြစ်ပြီး ISPE
က ၄-၁ ဂိုး နဲ့ အနိုင်ယူသွားခဲ့ပါတယ်။
.
ပွဲ စတယ် ဆိုတာနဲ့ ရှမ်းယူနိုက်တက်က ISPE ကို
ဖိအားပေးကစားခဲ့တာ ဖြစ်ပြီး ဦးဆောင် ဂိုးကိုလည်း ရှမ်းယူနိုက်တက်ကပဲ အရင် ရခဲ့တာပါ။
ထောင့်ကန်ဘောကနေ တစ်ဆင့် ပြန်ကျလာတဲ့ ဘောလုံးကို ဆောင်းနှင်းဖွေး ဖြတ်တင်ပေးရာကနေ
ဝင်းသူဇာအောင်က ပိတ်သွင်းပြီး ဦးဆောင်ဂိုး အဖြစ် ပြောင်းလဲပေးခဲ့တာပါ။
.
ပွဲချိန် မိနစ် ၃၀ လောက်အထိ ရှမ်းယူနိုက်တက်ရဲ့ ကစားပုံ
ကောင်းနေခဲ့ပြီး ISPE ကတော့ အပေးအယူ အလွဲတွေနဲ့ အချိတ်အဆက်
မမိ ဖြစ်နေခဲ့တာပါ။ ပွဲချိန် ၃၄ မိနစ် မှာတော့ ISPE က
ချေပဂိုး ရသွားခဲ့ပြီး အသင်းခေါင်းဆောင် ခင်မာလာထွန်းရဲ့ ပြစ်ဒဏ်ဘော ပေးပို့မှုကနေ
မိုးမမစိုး က ပိတ်သွင်းသွားခဲ့တာပါ။
အဲဒီနောက်မှာတော့ ISPE က တိုက်စစ်ကစားပုံ
ပိုသွက်လာပြီး ပွဲချိန် ၃၈ မိနစ်မှာ စန္ဒာလင်းက ရှမ်းအသင်း ဂိုး ဧရိယာထဲကို
ဆွဲဝင်လာပြီး အပိုင် ကန်သွင်းသွားခဲ့လို့ ISPE တို့
ဦးဆောင်ခွင့် ရသွားခဲ့ပါတယ်။
.
အဲဒီနောက် ၃ မိနစ်အကြာ ပွဲချိန် ၄၁ မိနစ်မှာ ရှမ်းယူနိုက်တက်တို့
ဂိုး ထပ်ပေးလိုက်ရပြီး လင်းမြင့်မိုရ်က ထပ်ပြီး သွင်းသွားခဲ့တာပါ။
.
ဒီ နှစ်သင်းက ပြီးခဲ့တဲ့ ရာသီတုန်းက ဂိုး မရှိ သရေကျခဲ့ကြတာ ဖြစ်ပြီး
အဲဒီ သရေပွဲကြောင့် ISPE တို့ ချန်ပီယံဆုကို
လက်လွှတ်ခဲ့ရတာလို့တောင် ပြောနိုင်ပါတယ်။ ဒီနေ့ပွဲမှာတော့ ခြေစွမ်းပိုင်းမှာ ISPE
က ပို ကောင်းခဲ့ပြီး မြန်မာအမျိုးသမီးအသင်းနဲ့ အတူ ခြေစွမ်းပြခဲ့တဲ့
ရှမ်းယူနိုက်တက်အသင်း တောင်ပံ ကစားသမား ရူပါခိုင်လည်း ပထမပိုင်း တစ်လျောက်လုံး
ကောင်းကောင်း ခြေမပေါ်ဘဲ ဖြစ်နေခဲ့တာပါ။
.
ပွဲချိန် ဒုတိယပိုင်းမှာတော့ ရှမ်းယူနိုက်တက်က ထင်သလောက် တိုက်စစ် ကစားနိုင်ခြင်း
မရှိတော့ဘဲ ISPE ရဲ့ ဖိအားပေးတာကိုသာ
ခံနေခဲ့ရတာပါ။ ရှမ်းယူနိုက်တက်က တိုက်စစ်ပိုင်း အပြောင်းအလဲ ဖြစ်ဖို့အတွက်
ယုယနိုင်ရဲ့ နေရာမှာ ဇွန်သဲဦးကို ထည့်ကစားခဲ့ပြီး ချေပဂိုး ရဖို့ ကြိုးစားခဲ့တာပါ။
.
ပွဲချိန်ပထမပိုင်းက သွင်းဂိုးတွေကြောင့် ဒုတိယပိုင်း ပွဲချိန်တွေက
သိပ်ပြီး စိတ်လှုပ်ရှားဖို့ မကောင်းတော့ဘဲ ISPE ဖိ ကစားနေတာကိုသာ ထိုင်ကြည့်နေရတဲ့ အနေအထား ဖြစ်ခဲ့တာပါ။ ဒီပွဲမှာ ISPE
ရဲ့ ဘယ်တောင်ပံက ဟေမန်စိုး ကို ရှမ်းယူနိုက်တက်ခံစစ်က ခက်ခက်ခဲခဲ
ထိန်းနေရပြီး ISPE ရဲ့ တိုက်စစ်လမ်းကြောင်းတွေက ဟေမန်စိုး ဆီကနေပဲ
ထွက်လာတာကို တွေ့နေရတာပါ။ ပွဲချိန် ၆၉ မိနစ်မှာတော့ ရှမ်းယူနိုက်တက်အသင်းက
ဇင်မာထွန်း ရဲ့ ကန်သွင်းချက် ဘားတန်း ထိပြီး ပြန်ထွက်သွားခဲ့လို့ ရှမ်းအသင်း
နစ်နာသွားခဲ့ရတာပါ။
.
ပွဲချိန် ၈၉ မှာတော့ ရှမ်းဂိုးသမား ပုတ်ထုတ်ရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို
လူစား ဝင်လာတဲ့ စုပြည့်ပြည့်ကျော်က ကန်သွင်းသွားခဲ့လို့ ISPE ကပဲ ဂိုး ထပ်ရသွားခဲ့တာ ဖြစ်ပါတယ်။
.
#KBZTai #Shan #ShanWomenFC #Sports #Football

No comments:
Post a Comment