တောင်ကြီးတွင် KTV၊ ဘားဆိုင်များကို စိစစ်နေပြီး စည်းကမ်းနှင့် မညီသည့်ဆိုင်များကို အရေးယူမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 14, 2026

တောင်ကြီးတွင် KTV၊ ဘားဆိုင်များကို စိစစ်နေပြီး စည်းကမ်းနှင့် မညီသည့်ဆိုင်များကို အရေးယူမည်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ပေါ်တွင် KTV များ၊ ဘားများနှင့် အရက်၊ ဘီယာ ရောင်းချသည့် ဆိုင်များကို စိစစ် စာရင်းကောက်ယူမှုများ ပြုလုပ်နေပြီး စည်းကမ်းချက်နှင့် မညီသည့်ဆိုင်များကို အရေးယူ သွားမည်ဖြစ်သည်ဟု သိရသည်။

.

.

“အဓိက ကတော့ စာရင်းကောက်ခိုင်းတာပါ။ လိုင်စင်ရှိ/မရှိ စာရင်းတွေ ပြန်ပြီးကောက်နေတယ်။ လောလော ဆယ်တော့ အရေးယူတာ မရှိသေးဘူး။ KTV တို့၊ Bar တို့၊ Unplugged တို့တော့ လိုင်စင် မရှိရင် ဆက်လက် စစ်ဆေးကြပ်မတ်သွားဖို့ ရှိပါမယ်။ စာရင်းပြုစုတုန်းပဲ ရှိပါသေးတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

တောင်ကြီးမြို့ပေါ်ရှိ အရက်၊ ဘီယာရောင်းချသည့် ဆိုင်ရှင်များအား ရက် ၁၀၀ စီမံချက်ကြောင့် ဟုဆိုကာ ဇွန်လ ၁၃ ရက်မှ စတင်၍ ဆိုင်ထိုင်ရောင်းချခွင့်မရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ခေါ်ယူ၍ လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်နေလျက်ရှိပြီး ယင်းသတင်းမှာ မဟုတ်မှန် ကြောင်း ၎င်းက ပြောသည်။

.

ထို့အတူ တောင်ကြီးမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကလည်း “ကျွန်တော်တို့ဆီတော့ (ဆိုင်ထိုင် မရောင်းဖို့ လက်မှတ်) မထိုးခိုင်းဘူး။ ညွှန်ကြားချက်လည်း မပေးထား ပါဘူး။ လိုင်စင်မရှိတဲ့ဆိုင် ကျတော့ ရဲတပ်ဖွဲ့နဲ့ ထွေအုပ်က ကွင်းဆင်းပြီး စစ်နေကြပါတယ်။ မြို့ပေါ်ရပ်ကွက် တွေလည်း အဲဒီလို ညွှန်ကြားမှသာ လုပ်လို့ရမှာလေ။ ကိုယ့်သဘောနဲ့ကိုယ်တော့ မရဘူး” ဟု ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့ပေါ်ရှိ KTV ၊ ဘားနှင့် စင်တင်အချို့မှာ စည်းကမ်းချက် လိုက်နာခြင်းမရှိဘဲ ညသန်းခေါင်းယံ အချိန်အထိ ဆူညံနေခြင်းကြောင့် ပတ်ဝန်းကျင်တွင် အနှောင့်အယှက် ဖြစ်ပေါ်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

“တချို့ ဘားဆိုင်တွေက ပတ်ဝန်းကျင်ကို အားမနာတမ်း စည်းမဲ့ကမ်းမဲ့ ဆူဆူညံညံသံနဲ့ အချိန်အခါလည်း မသိ ဖွင့်ချင်သလိုဖွင့်၊ ဆူချင်သလိုဆူ၊ အော်ချင်သလို အော်ကြတယ်။ Bar ဆိုင် အဆင့်မဟုတ်ပဲ Night Club လိုပါပဲ။ အိမ်နီးနားချင်းမှာ နှလုံးရောဂါရှိသူ၊ အဖိုးအဖွားတွေ ရှိပါတယ်။ တော်ရုံ သီချင်းသံနဲ့ပဲ စည်းကမ်း ရှိစေချင်ပါတယ်” ဟု တောင်ကြီးဒေသခံတစ်ဦး က ပြောသည်။

.

တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် KTV နှင့် Bar များ အပြိုင်အဆိုင် ပေါများ လာနေပြီး စည်းကမ်းမဲ့ KTV နှင့် Bar အချို့ကြောင့် လူငယ်များ ပျက်စီးလာမည်ကို မိဘများက စိုးရိမ်နေကြ ကြောင်း သိရသည်။

.

 

No comments:

Post a Comment

Pages