ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကောင်းတပ်ရွာအတွက် UWSA က သိန်း ၆၀၀၀ လှူဒါန်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 14, 2026

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကောင်းတပ်ရွာအတွက် UWSA က သိန်း ၆၀၀၀ လှူဒါန်း



TNLA တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ထိန်းချုပ်သည့် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ် အတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန် UWSA က သိန်း ၆၀၀၀ ကျပ် လှူဒါန်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
.
ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေး ကော်မတီထံသို့ ဇွန်လ ၁၂ ရက်က သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း လားရှိုးမြို့ “ဝ” ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
.
TNLA တပ်ဖွဲ့ ထိန်းချုပ်သည့် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာတွင် ပြီးခဲ့သည့် မေလ ၃၁ ရက်က ယမ်း သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ကလေးငယ်များ အပါအဝင် ဒေသခံ ၄၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
.
ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ထိခိုက် ဒဏ်ရာ ရသူများအား ဒေသအခြေစိုက် ပရဟိတအဖွဲ့များနှင့် စေတနာရှင် များ အပြင် ပြည်တွင်း၊ ပြည်ပ စေတနာရှင်များက အကူအညီများ ပေးလျက်ရှိကြောင်း သိရသည်။
.
အခုက ထိခိုက်တဲ့နေရာကို အုပ်စုတွေ ခွဲထားတယ်။ အဓိက ဖြစ်တဲ့နေရာကို အုပ်စု ၁၊ နည်းနည်းလှမ်းရင် အုပ်စု ၂၊ လေဟပ်ပြီး အိမ်အမိုး ထိတာ၊ မှန်ကွဲ တာမျိုးကျတော့ အုပ်စု ၃ အဲလို ခွဲထားတယ်။ ပြန်လည် ထူထောင်ရေးမှာလည်း အဲဒီ အုပ်စုအတိုင်း ဦးစားပေး ကူညီပေးသွားမယ်လို့ သိရတယ်” ဟု နမ့်ခမ်း ဒေသခံ တစ်ဦးက ပြောသည်။
.
ဝ” တပ်ဖွဲ့အပြင် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကလည်း ကောင်းတပ်ရွာ ပြန်လည် ထူထောင်ရေးအတွက် လှူဒါန်းခဲ့ကြသည်ဟု ဒေသခံများထံက သိရသည်။
.
လက်ရှိတွင် ပျက်စီးသွားသည့် အဆောက်အအုံများ ရှင်းလင်းရေး ဆောင်ရွက် ပြီးစီးတော့မည် ဖြစ်၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ စတင်ရန် ပြင်နေသည်ဟု သိရသည်။
.
ထို့ကြောင့် ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် အလှူခံဌာနအား ယခုလ ၁၅ ရက်နေ့တွင် ပိတ်သိမ်းသွားတော့မည်ဟု ပြန်လည်ထူထောင်ရေး ကော်မတီက ကြေညာထားသည်ဟု ဒေသခံများထံမှ သိရသည်။
.
News – SS (KBZTai) / Photo – Nyi Rang
.
#KBZTai #Shan #NamKham

No comments:

Post a Comment

Pages