.
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄ ရက်
.
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊
ဆီရာချာဒေသအနီးက လူနေရပ်ကွက်တစ်ခုမှာ ဒီနေ့ မိုးသည်းထန်စွာ ရွာသွန်း ခဲ့ပြီးနောက်
ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းစက်ရုံ (Recycle) စက်ရုံတစ်ရုံ
ရေလျှံခဲ့ပြီး စက်ရုံအတွင်းက အမှိုက်တွေ လူနေရပ်ကွက်ထဲ ဝင်ရောက်ခဲ့ပါတယ်။
.
.ဒီနေ့မနက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ
ဘွန်ရက်ဆာ အိမ်ရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုးရေတွေ ဆက်တိုက်ကျတာကြောင့်
စက်ရုံအနောက်ဘက်မှာရှိတဲ့ နံရံတစ်ခု ပြိုကျသွားခဲ့ပြီးတဲ့နောက် အမှိုက်တွေနဲ့
ရေတွေက လူနေရပ်ကွက်ထဲကို တစ်ရှိန်ထိုး ဝင်ရောက်လာခဲ့ကြတာပါ။
.
အိမ်ရာအဖွဲ့အစည်း ဥက္ကဋ္ဌ
အင်ပရာဆစ်ရဲ့ပြောဆိုချက်အရတော့ ဒီမြေကွက်က ပုဂ္ဂလိကပိုင်ဖြစ်ပြီး
ပြည်ပလုပ်ငန်းရှင်တွေက ရေရှည်ငှားရမ်းပြီးတဲ့နောက် ရေခဲသေတ္တာအဟောင်းနဲ့
ရေခဲစက်တွေကို ပြန်လည်ဝယ်ယူပြီး ပြုပြင်တဲ့လုပ်ငန်းအဖြစ် လုပ်ကိုင်နေတာဖြစ်ပါတယ်။
.
ရေခဲသေတ္တာတွေကို ပြန်လည်ဝယ်ယူပြီးတဲ့နောက်
တန်ဖိုးရှိတဲ့အစိတ်အပိုင်းတွေကို ဖယ်ရှားပြီးချိန်မှာ စက်ရုံအတွင်း အမှိုက်တွေ အများအပြားကျန်နေခဲ့ပြီး
အဲဒီအမှိုက်တွေက စက်ရုံထဲမှာ စုပုံနေခဲ့တာပါ။ အဲဒီနောက်မှာတော့
မိုးသည်းထန်မှုကြောင့် အမှိုက်တွေက ရေစီးနဲ့အတူ စုပုံလာကြပြီး အိမ်ရာ အနောက်ဘက် နံရံကို
ဖိမိရာကနေ နံရံပြိုကျသွားခဲ့တာလည်း ဖြစ်ပါတယ်။
.
အဲဒီနောက်မှာတော့ အမှိုက်အစုအဝေးတွေက အိမ်ရာထဲ
ဝင်ရောက်လာခဲ့ကြပြီး နေအိမ်တွေနဲ့ လမ်းတွေ ထဲမှာ အမှိုက်တွေပြည့်သွားခဲ့တာပါ။
.
အာဏာပိုင်တွေက ရေစီးဆင်းမှုကို လျှော့ချဖို့အတွက်
ရေထွက်လမ်းကြောင်းတွေ ဖွင့်လှစ်ပြီး အမှိုက် တွေကိုဖယ်ရှားဖို့
အမြန်ကြိုးစားနေကြပါတယ်။ ဒါ့အပြင် ပျက်စီးဆုံးရှုံးမှုတွေကိုလည်း
စစ်ဆေးတွက်ချက်ဖို့ စီစဉ်နေကြတာပါ။
.
ဒေသခံတွေကတော့ စက်ရုံရဲ့ အမှိုက်စီမံခန့်ခွဲမှုနဲ့
လုပ်ငန်းဆောင်ရွက်မှုတွေကို သက်ဆိုင်ရာ အာဏာပိုင် တွေက စုံစမ်းစစ်ဆေးပြီး ဥပဒေကို
လိုက်နာမှု ရှိ/မရှိ သိရှိနိုင်ဖို့ တောင်းဆိုနေကြတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment