.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
တောင်ကြီး-ဟိုပုံးသွား ကားလမ်း တွင် ယမန်နေ့ ဇူလိုင်လ ၂ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား
၂၅၀၀၀ ကို သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးမြို့မရဲစခန်းမှ ရဲအုပ်
ဇော်လှိုင်မြင့် ဦးစီး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့
ဇူလိုင်လ ၂ ရက်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်က တောင်ကြီးမြို့နယ်၊
နောင်လေကျေးရွာအုပ်စု၊ နောင်လေ ကျေးရွာအနီး၊ တောင်ကြီး-ဟိုပုံးသွား
ကားလမ်းမပေါ်တွင် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ပိတ်ဆို့စစ်ဆေး
ရှာဖွေနေစဉ် ဟိုပုံးမြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်းနှင်လာသည့် Honda
Dream 125 အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီးအား
ရပ်တန့်စစ်ဆေးရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရှာဖွေရာတွင် ဆိုင်ကယ်နောက်မှ
လိုက်ပါစီးနင်းလာသူ စိုင်းလင်း (ခ) ကိုစိုင်း ကိုင်ဆောင်ထား သည့် အနီရောင်
အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော WY စာတမ်းပါ
ပန်းရောင် ဆေးပြား ၂၀၀၀၀ ပြား၊ အလေးချိန် ၁ ဒသမ ၈ ကီလိုဂရမ်ခန့် နှင့်
ဆိုင်ကယ်မောင်းနှင်သူ ခွန်ဗိုလ်ကျော် လွယ်ထား သည့် ဝါးပလိုင်းတောင်းအတွင်းမှ
အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြားဟု ယူဆရသော
WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ပြား၊
အလေးချိန် ၄၅၀ ဂရမ်ခန့်၊ စုစုပေါင်း ဆေးပြား ၂၅၀၀၀ ပြား၊ အလေးချိန် ၂ ဒသမ ၂၅ ကီလိုဂရမ်ခန့်၊
တန်ဖိုးငွေကျပ် သိန်း ၇၅ သိန်းခန့်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဖမ်းဆီးရမိသူများ၏
စစ်ဆေးထွက်ဆိုချက်အရ အဆိုပါ မူးယစ်ဆေးဝါးများအား တောင်ကြီး မြို့နယ်၊
နောင်လေကျေးရွာအုပ်စု၊ ငေါက်ဝါးကျေးရွာအထွက် တောစပ်တွင် အမည်မသိ အမျိုးသား တစ်ဦး ထံမှ
ဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချရန် သယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ
ဖမ်းဆီးရမိသူ စိုင်းလင်း (ခ) ကိုစိုင်းနှင့် ခွန်ဗိုလ်ကျော် တို့ ၂ ဦး အား
တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ
ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)/၂၁ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.

No comments:
Post a Comment