အမေရိကန်မှာ တိရစ္ဆာန်တွေလို နေထိုင်နေရတဲ့ ကလေး ၁၆ ဦးကို ကယ်ဆယ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, July 3, 2026

အမေရိကန်မှာ တိရစ္ဆာန်တွေလို နေထိုင်နေရတဲ့ ကလေး ၁၆ ဦးကို ကယ်ဆယ်

.

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်

.

အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်မှာရှိနေတဲ့ နေအိမ်တစ်လုံးကနေ တိရစ္ဆာန်တွေလိုဖြစ်နေပြီး စကား တောင်မပြောနိုင်တော့တဲ့ ကလေး ၁၆ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးသူတွေရဲ့ ပြောဆိုချက်အရ ကလေးတွေ ရှိနေတဲ့ နေအိမ်က အလွန်ဆိုးရွားပြီး လူမဆန်တဲ့အခြေအနေမျိုး ဖြစ်နေတယ် လို့ သိရတာပါ။

.

.

ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက ဟမ်ဒန်ကျေးရွာမှာရှိတဲ့ နေအိမ်တစ်အိမ်ကို ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေခဲ့ပြီး ကလေးတွေကို တွေ့ရှိခဲ့ရတာပါ။ ဟမ်ဒန်ရွာက လူဦးရေ ၁၀၀၀ မပြည့်တဲ့ ကျေးရွာ တစ်ရွာဖြစ်ပြီး ကိုလံဘတ်စ်မြို့ရဲ့အရှေ့တောင်ဘက် မိုင် ၆၀ လောက်အကွာမှာ တည်ရှိတာဖြစ်ပါတယ်။

.

ကယ်ဆယ်ခဲ့ရတဲ့ကလေးတွေက အသက် ၁၈ လကနေ ၁၈ နှစ်အရွယ်တွေဖြစ်ကြပြီး ယောင်္ကျားလေးတွေနဲ့ မိန်းကလေးတွေပါဝင်တာပါ။ အာဏာပိုင်တွေရဲ့အဆိုအရတော့ ကလေးအများစုက တွေ့ရှိချိန်မှာ ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေ ရှိနေကြပြီး နှစ်ဦးကိုတော့ အရေးပေါ်ကုသရေးဆေးရုံဆီ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့ရတာပါ။

.

ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဝီလ်ဆင် က “တချို့ကလေးတွေက စကားတောင်မပြောနိုင်တော့ပါဘူး။ သူတို့ကိုကြည့်ရတာ တောရိုင်းတိရစ္ဆာန်တွေနဲ့တောင် တူနေကြပြီး တကယ်စိတ်မကောင်းစရာပါ။ လူတွေ အထူးသဖြင့် ကလေးတွေ ဒီလိုအခြေအနေမျိုးမှာ နေထိုင်ရမယ်လို့ စိတ်ကူးတောင် မယဉ်ခဲ့ဖူးပါဘူး” လို့ဆိုပါတယ်။

.

စစ်ဆေးမှုမှာ အတွေ့အကြုံရှိတဲ့ ရဲတပ်ဖွဲ့ဝင် တချို့တောင် အိမ်ထဲမှာမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကြောင့် စိတ်ထိခိုက်ခဲ့ရတယ်လို့ စစ်ဆေးရေးမှာ ပါဝင်သူတွေက ဆိုပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေ တွေကြောင့် သူတို့ကို စစ်ဆေးမေးမြန်းဖို့ထက် ဆေးရုံကို အမြန်ပို့ပေးဖို့သာ လုပ်ဆောင်ပေးခဲ့ကြရတာပါ။

.

ဝီလ်ဆင်က နေအိမ်အတွင်း နေရာအနှံ့မှာ လူ့မစင်တွေ ပြန့်ကျဲနေကြောင်းနဲ့ ကလေးတွေကို အခန်းငယ် တစ်ခုအတွင်းမှာ လေးနှစ်နီးပါး ပိတ်လှောင်ထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ထားတဲ့အကြောင်း ကိုလည်း ပြောပါတယ်။

.

“ကျွန်တော်တို့မွေးထားတဲ့ တိရစ္ဆာန်တွေတောင် ဒီ့ထက်ကောင်းတဲ့အခြေအနေမှာ နေခဲ့ရတယ်” လို့ ဝီလ်ဆင် က ထပ်ပြောပါတယ်။

.

စစ်ဆေးမှုတွေအပြီးမှာတော့ ကလေးတွေရဲ့မိဘနှစ်ပါးနဲ့ အဘိုးအဘွားတွေကို ဖမ်းဆီးခဲ့ပြီး စွဲချက် ၁၇ မှု စီနဲ့ တရားစွဲဆိုထားတာပါ။

.

ကလေးတွေက မိဘ၊ အဘိုးအဘွားတွေနဲ့ နေထိုင်နေသူတွေဖြစ်ကြပေမဲ့ သူတို့အပေါ် ဒီလိုဆက်ဆံခဲ့ရတာကို နားမလည်နိုင်ဖြစ်မိတဲ့အကြောင်း အစိုးရရှေ့နေ ဝီလျံအာချာ က ဆိုပါတယ်။

.

“ဘယ်ကလေးမှ ဒီလိုနေထိုင်မှုမျိုးကို မခံစားသင့်ပါဘူး။ ကျွန်တော်တို့ရဲ့ကလေးတွေက မိဘနဲ့အုပ်ထိန်းသူ တွေဆီကနေ ပိုကောင်းတဲ့ဂရုစိုက်မှုကို ရသင့်ပါတယ်။ ဒီကလေးတွေနဲ့ထိုက်တန်တဲ့ စောင့်ရှောက်မှုမျိုးရဖို့ ကျွန်တော်တို့အစွမ်းကုန် ဆောင်ရွက်သွားမှာပါ” လို့ အာချာက ဆိုပါတယ်။

.

Source – Metro

.

No comments:

Post a Comment

Pages