.
၂၀၂၆
ခုနှစ်၊ ဇူလိုင် ၁၇ ရက်
.
ထိုင်းနိုင်ငံရဲ့
နာမည်ကျော် ခရီးသွားကျွန်းဖြစ်တဲ့ ကော့စမွေကျွန်းက အမေရိကန်ခရီးသွားမဂ္ဂဇင်း Travel+Leisure ရဲ့
ကမ္ဘာ့အကောင်းဆုံးကျွန်းအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ နေရာအနှံ့က
ခရီးသွားကျွန်းတွေကို Travel+Leisure က စစ်တမ်းကောက်ခဲ့တာဖြစ်ပြီး
ခရီးသွား ပရိသတ်ပေါင်းများစွာက မဲပေးခဲ့ကြတာပါ။
.
.
စူရတ်ဌာနီ
ပြည်နယ်ထဲမှာရှိတဲ့ ကော့စမွေကျွန်းက မဲပေးသူတွေနဲ့ စာဖတ်သူတွေရဲ့ အကဲဖြတ်ရမှတ် ၉၅ ဒသမ
၆၄ ရခဲ့ပြီး မော်လ်ဒိုက်၊ ဘာလီကျွန်းတွေနဲ့ ဂရိနိုင်ငံရဲ့နာမည်ကျော် မီလိုစ်ကျွန်း
တို့ကို ကျော်ဖြတ်ပြီး အဆင့် ၁ နေရာ ရသွားခဲ့တာပါ။
.
ထိုင်းနိုင်ငံရဲ့
ခရီးသွားနဲ့ အားကစားဝန်ကြီးဌာန ကတော့ ဒီရလာဒ်ဟာ ကော့စမွေရဲ့ ဆွဲဆောင်မှုရှိတဲ့
ပင်လယ်ကမ်းခြေတွေကြောင့်သာ မဟုတ်ဘဲ သဘာဝရှုခင်းတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေ၊
ဒေသခံတွေရဲ့ ထူးခြားမှုတွေနဲ့ စုံလင်လှတဲ့ အစားအစာ အတွေ့အကြုံတွေကို
ပေါင်းစပ်နိုင်တာကြောင့် ဖြစ်ကြောင်း ပြောဆို လိုက်ပါတယ်။
.
ဒါ့အပြင်
ဒီဂုဏ်ပြုဆုကြောင့် ကော့စမွေကျွန်းကို နိုင်ငံတကာ ခရီးသွားဈေးကွက် အတွင်း
လူသိပိုများလာ စေပြီး ထိုင်းနိုင်ငံကိုလည်း ကမ္ဘာ့ထိပ်တန်းခရီးသွားနိုင်ငံ
တစ်နိုင်ငံအဖြစ် ပိုပြီးထင်ရှားလာစေဖို့ ထိုင်းအစိုးရ က မျှော်လင့်နေတာပါ။
.
ထိုင်းခရီးသွားဝန်ကြီးဌာနကတော့
ခရီးသွားဝန်ဆောင်မှုတွေကို ပိုပြီးကောင်းမွန်အောင် လုပ်ဖို့၊ ကျွန်းရဲ့
သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ သဘာဝကျမှုတွေကို ထိန်းသိမ်းဖို့ကူညီပေးမယ့်အပြင်
ဒေသခံ တွေရဲ့စီးပွားရေးကို အထောက်အကူဖြစ်နိုင်မယ့် လုပ်ငန်းတွေကိုလည်း
အားပေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
.
၂၀၂၆
ခုနှစ်ရဲ့အဆင့်သတ်မှတ်ချက်တွေမှာတော့ ကော့စမွေကျွန်းက ရမှတ် ၉၅ ဒသမ ၆၄ နဲ့ ပထမ နေရာ
ရှိခဲ့ပြီး မော်လ်ဒိုက်ကျွန်းက ရမှတ် ၉၅ ဒသမ ၃၈ နဲ့ ဒုတိယ ရခဲ့တာပါ။
တတိယနေရာမှာတော့ အီကွေဒေါ နိုင်ငံပိုင် ကျွန်းစုဖြစ်တဲ့ ဂါလာပါဂိုစ် ကျွန်းက
ရပ်တည်ခဲ့ပြီး စတုတ္တနေရာမှာ ဘာလီကျွန်းနဲ့ ပဥ္စမနေရာမှာ ဖူးခက်ကျွန်းတို့က
ရပ်တည်ခဲ့တာမို့ ထိုင်းနိုင်ငံက ၂၀၂၆ ခုနှစ် ကမ္ဘာ့ထိပ်တန်းကျွန်း ၅ ခု စာရင်းမှာ
ကျွန်းနှစ်ခု ပါဝင်တဲ့ နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။
.
Source –
The Nation
.

No comments:
Post a Comment