.
၂၀၂၆
ခုနှစ်၊ ဇူလိုင် ၁၇ ရက်
.
သင်က
တစ်ခုခုဆိုတာနဲ့ ဒေါသထွက်တတ်တဲ့သူလား။ ကိုယ့်ကားရှေ့ကို တခြားကားက ဖြတ်ဝင်လာရင်
စိတ်တိုတတ်တာ၊ ကိုယ့်ကလေးက စကားနားမထောင်တဲ့အချိန် ဒေါသထွက်တာ၊ အလုပ်ထဲမှာ တစ်ခုခု
အဆင်မပြေတာနဲ့ စိတ်တိုလာတာ၊ မိန်းမနဲ့ ညှိနှိုင်းဖို့မကြိုးစားဘဲ တစ်ခုခုဆိုရင်
အော်မိတာ အဲဒီလိုတွေ ဒေါသထွက်တတ်တဲ့သူလား။
.
.လူဆိုတာကတော့
ဒေါသဆိုတာ ဖြစ်တတ်တာပါပဲ။ ဒေါသထွက်တဲ့သူတွေက ကျန်းမာရေးကောင်းတယ် လို့တောင်
တချို့က ပြောတတ်ပါသေးတယ်။ ဒါပေမဲ့ ထစ်ကနဲရှိ ဒေါသထွက်နေ စိတ်တိုနေတာမျိုး ကျပြန်တော့
ကျန်းမာရေးအတွက်ရော လူမှုဆက်ဆံရေးအတွက်ကိုပါ ထိခိုက်လာစေတာပါ။
.
ဒီတော့
ဒေါသကို ဘယ်လိုထိန်းမလဲ။ အောက်မှာပါတဲ့ ဒေါသထိန်းချုပ်နည်း ၇ ချက်ကို
ဖတ်ကြည့်လိုက်ပါ။
.
■ စကားမပြောခင်အရင် စဉ်းစားပါ
ကိုယ်က
ဒေါသထွက်လာပြီဆိုရင် ပြောချလိုက်တာပဲ၊ ဒါပေမဲ့ ကိုယ်ပြောလိုက်တဲ့စကားတွေက တစ်ဖက်လူ
ကို ထိခိုက်စေတယ်၊ စိတ်မကောင်းဖြစ်သွားစေနိုင်တယ်ဆိုတာကို သိထားဖို့လိုပါတယ်။
ဒီတော့ စကားမပြော ခင် ကိုယ့်အတွေးကို ခဏလောက် စုစည်းပါ။ ဘာပြောသင့်လဲဆိုတာ
သေချာစဉ်းစားပြီးမှ အေးအေးဆေးဆေး ပြောပါ။
.
■ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းက
ဒေါသဖြစ်စေတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ်က တစ်ခုခု အပေါ်
စိတ်တိုနေပြီလို့ ခံစားရရင် ပြေးတာ။ လမ်းလျှောက်တာ ၊ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့
အားကစားတစ်ခုခုကို လုပ်ကြည့်နေလိုက်ပါ။
.
■ ခဏနားပါ
လူက
စိတ်ဖိစီးနေပြီ၊ စိတ်တိုနေပြီ၊ တစ်ခုခုကို မကျေမနပ်ဖြစ်လာပြီဆိုရင်
ကိုယ့်ကိုယ်ကိုခဏ အနားပေး လိုက်ပါ။ တိတ်ဆိတ်ငြိမ်သက်တဲ့ အချိန်လေးတစ်ခုက နောက်ထပ်
ရောက်လာမယ့်အခြေအနေတွေကို ဒေါသမထွက်ဘဲ ရင်ဆိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။
.
■ ဖြေရှင်းနည်းကိုရှာပါ
ကိုယ်နဲ့ပတ်သက်တဲ့သူတစ်ယောက်
အလုပ်လုပ်တာကို မကျေနပ်ဘဲ ဒေါသထွက်နေမယ့်အစား သူပိုကောင်း လာအောင် ကိုယ်ဘယ်လို
ပါဝင်ပေးလို့ရသလဲဆိုတဲ့ အကြောင်းရင်းကို စဉ်းစားပါ။ တချို့အရာတွေက
ကိုယ်ဒေါသထွက်ရင်လည်း ထူးမလာတဲ့အရာတွေဆိုတာကို လက်ခံထားနိုင်ဖို့လည်း လိုပါတယ်။
ဒေါသထွက်တာက ပြသနာကို မဖြေရှင်းနိုင်သလို ပိုပြီးဆိုးသွားစေနိုင်တယ်ဆိုတာကိုလည်း
သတိထားပါ။
.
■ အငြိုးမထားပါနဲ့
လူက
ဒေါသဖြစ်လွယ်၊ စိတ်ကြီးလွယ်ရတဲ့အထဲ အဲဒီလူကို မကျေနပ်တဲ့စိတ်နဲ့ အငြိုးထားနေရင် ၂ ဆ
၃ ဆ ပိုပြီး ပင်ပန်းရတာပါ။ ကိုယ်က ဒေါသထွက်လွယ်တဲ့သူ ဆိုရင်တောင်
အငြိုးထားတဲ့စိတ်မျိုး မရှိပါစေနဲ့။ ခဏလေး စိတ်တိုပြီး
ပြန်ခွင့်လွှတ်နိုင်တယ်ဆိုရင် နှစ်ဖက်စလုံး သင်ခန်းစာယူနိုင်သလို ဆက်ဆံရေးလည်း
ပိုကောင်းလာနိုင်ပါတယ်။
.
■ ဟာသကို အသုံးချပါ
တစ်ခါတလေကျရင်
ဟာသလေးတွေ မကြာခဏနားထောင်တာ၊ ဟာသပြောတာတွေကလည်း ကိုယ့်ရဲ့ ဒေါသကို လျော့ကျဖို့
အထောက်အကူဖြစ်စေပါတယ်။ လူတွေက ဟာသကို ခံစားတတ်လာပြီဆိုရင်
တချို့အဆင်မပြေတာတွေကိုတောင် ဟာသအမြင်နဲ့ ကြည့်မိသွားတတ်ပြီး
ခွင့်လွှတ်လာနိုင်ကြပါတယ်။
.
■ စိတ်ပိုင်းဆိုင်ရာ
လေ့ကျင့်ခန်းတွေလုပ်ပါ
ဒေါသထွက်လာတဲ့အခါ
အသက်ပြင်းပြင်းရှူတာမျိုး၊ စိတ်အေးချမ်းတဲ့ နေရာတစ်ခုကို စိတ်ကူးယဉ်လိုက် တာမျိုး၊
ဒါမှမဟုတ် ကိုယ့်ကိုယ်ကို စိတ်အေးအေးထားဖို့ ပြန်ပြီး ဖျောင်းဖျကြည့်တာမျိုး
လုပ်နိုင်ပါတယ်။ ဒါ့အပြင် သီချင်းနားထောင်တာ၊ တရားထိုင်တာနဲ့
အခြားကိုယ်ဝါသနာပါတဲ့အလုပ်လေးတွေ လုပ်နေရင်း စိတ်အေးချမ်းမှုကို
ရှာဖွေကြည့်လို့ရပါတယ်။
.
Source –
mayo clinic
.

No comments:
Post a Comment