ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စု၊
နားရိုင်းရွာသစ် ကျေးရွာအနီးတွင် ယမန်နေ့ ဩဂုတ်လ ၄ ရက်၊ နေ့လယ်ပိုင်းက
အွန်လိုင်းလိမ်လည်လောင်းကစားမှု ပြုလုပ်သူများကို လက်နက်ခဲယမ်းများနှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့
ဩဂုတ်လ ၄ ရက်၊ နေ့လယ် ၂ နာရီခွဲ ခန့်က နားရိုင်းရွာသစ်ကျေးရွာ အနီး၌ အလျား ၈၀ ပေ၊
အနံ ၆၀ ပေ (အုတ်ကာ၊ သွပ်မိုး) အဆောက် အအုံ ၁ လုံးအတွင်းမှ
အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင် တရုတ် နိုင်ငံသား
အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၂ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦး၊
အမျိုးသမီး ၄ ဦး၊ စုစုပေါင်း အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့အား
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ၎င်းတို့ထံမှ P-365 အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၅ တောင့်၊ UZI အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ပွိုင့် ၃၈ ကျည် ၉ တောင့်၊ AK-47 မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၇ ဒသမ ၆၂ မမ ကျည် ၅၀ တောင့်၊ လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဖုန်းမျိုးစုံ ၆၇ လုံး၊ All in One ကွန်ပျူတာ ၄ လုံး၊ CPU ၁ လုံး၊ Star Link ၆ စုံတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး စစ်ဆေးမှု ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။



No comments:
Post a Comment