.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်
.
ဒီနေ့ညနေပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့
ဧရာဝတီအမျိုးသမီးနဲ့ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဧရာဝတီက
၃-၀ ဆိုတဲ့ရလာဒ်နဲ့ ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးက ISPE ကို ဆက်လက် ဖိအားပေးသွားနိုင်ခဲ့ပါတယ်။
.
.ဒီပွဲက အမှတ်ပေးဇယားရဲ့ အဆင့် ၂ နဲ့ အဆင့် ၃
နေရာက အသင်းတွေရဲ့ပွဲမို့ အကြိတ်အနယ်ရှိခဲ့ပြီး လက်ရွေးစင်ကစားသမား အများစုရဲ့ အားနဲ့
ကစားပုံကောင်းနေတဲ့ ဧရာဝတီက အသာစီးရခဲ့တာပါ။
.
ရှမ်းယူနိုက်တက်က ဒဏ်ရာရှိနေသေးတဲ့ အဘီဂေးလ်ကို
အရန်ခုံမှာထားခဲ့ပြီး ပိစ်အိုလ်ဂါ၊ ဒါကို တို့ရဲ့ ကွင်းလယ်နဲ့ ပွဲထွက်ခဲ့သလို
ရူပါခိုင်ရဲ့ အားနဲ့ တိုက်စစ်ကို ပုံဖော်ဖို့ ကြိုးစားခဲ့တာပါ။
.
ဧရာဝတီကလည်း မေထက်လူ ကို တိုက်စစ်မှာထားခဲ့ပြီး
အလစ်ဆာ၊ ရီတူပေါ်နာ တို့ရဲ့ ကွင်းလယ်အားနဲ့ တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့တာပါ။
.
တကယ်တမ်း ကစားကြချိန်မှာတော့ ဧရာဝတီရဲ့
ကွင်းလယ်က ရှမ်းယူနိုက်တက်ထက် ပိုကောင်းခဲ့ပြီး ဘယ်ခြမ်းက ရီတူပေါ်နာ ကို
ရှမ်းနောက်ခံလူတွေ မထိန်းနိုင်ဘဲ ဖြစ်ခဲ့ကြတာပါ။
.
ပွဲချိန် မိနစ် ၃၀ မှာတော့ ဧရာဝတီတို့
အဖွင့်ဂိုးရသွားခဲ့ပြီး ကွင်းလယ်ကနေ ထိုးပေးလိုက်တဲ့ဘောလုံးကို မေထက်လူ က
အကောင်းဆုံး အဆုံးသတ်သွားတာပါ။
.
အဲဒီနောက် ၃ မိနစ်အကြာမှာပဲ ဧရာဝတီက
ဒုတိယဂိုးထပ်ရသွားခဲ့ပြီး နန်းခိုင်ဇင်မြင့်က နောက်ခံလူတွေ ရှုပ်နေတဲ့အနေအထားကနေ
ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။
.
ပွဲချိန် ဒုတိယပိုင်း ၄၉ မိနစ်မှာတော့
ဧရာဝတီအသင်းရဲ့ ထောင့်ကန်ဘောကို ဖျက်ထုတ်ဖို့ ကြိုးစားရင်းကနေ
ရှမ်းယူနိုက်တက်ကစားသမား ခိုင်သဇင် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ ဧရာဝတီတို့ ၃
ဂိုးအထိ ရသွားခဲ့တာပါ။
.
ရှမ်းယူနိုက်တက်က တိုက်စစ်ပိုင်းအပြောင်းအလဲတွေ
လုပ်ခဲ့ပေမဲ့လည်း ပိစ်နဲ့ ဒါကို တို့အတွဲက နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊
ဇွန်ယုယဦးတို့ကို မကျော်နိုင်တာကြောင့် ပွဲအပြီးမှာ ရှမ်းယူနိုက်တက်တို့ ၃-၀
ဆိုတဲ့ရလာဒ်နဲ့ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။
.
ဒီနေ့ပွဲရဲ့အကောင်းဆုံး ကစားသမားဆုကိုတော့
ဧရာဝတီအသင်းခေါင်းဆောင် နော်ထက်ထက်ဝေက ရရှိသွားခဲ့ပြီး ဆုကြေးငွေ ၅ သိန်းကို
သိမ်းပိုက်သွားခဲ့ပါတယ်။
.
ဒီပွဲကို ရှုံးနိမ့်သွားတဲ့အတွက်
ရှမ်းယူနိုက်တက်အသင်းက အမှတ်ပေးဇယား အဆင့် ၄ နေရာကို ဆင်းပေး လိုက်ရပြီး အဆင့် ၃
နေရာကိုတော့ ဒီတစ်ပတ်ပွဲမှာ ဂိုးပြတ်နိုင်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်က
သိမ်းပိုက်သွားခဲ့ ပါတယ်။
.

No comments:
Post a Comment