.
၂၀၂၆ ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို
လာမယ့် နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၅ ရက်အထိ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းကြီးမှာ
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။
.
ပွဲတော်ကြီး နီးကပ်လာတာနဲ့အမျှ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊
မီးပုံးပျံပညာရှင်တွေ၊ ဝါသနာရှင်တွေ၊ တောင်ကြီးသူ/တောင်ကြီးသားတွေသာမက ပွဲတော်ကို လာလည်ကြမယ့်
မြန်မာပြည်အရပ်ရပ်က ရွှေပွဲလာ ဧည့်ပရိသတ်တွေ၊ ပွဲတော်ကို အမှီပြုပြီး လုပ်ကိုင်စားသောက်ကြတဲ့
၁၂ ပွဲဈေးသည်တွေကလည်း ကိုယ်စီကိုယ်စီ လှုပ်လှုပ်ရှားရှား ဖြစ်လာကြပါတယ်။
.
တောင်ကြီးသူ/တောင်ကြီးသား မီးပုံးပျံပညာရှင်၊ ဝါသနာရှင်တွေကလည်း
မီးပုံးပျံပိုး ဝင်တိုးပြီးတော့ ပွဲတော် အတွက် ကြိုတင်ပြင်ဆင်နေကြသလို အနယ်နယ်အရပ်ရပ်က
ရွှေပွဲလာ ဧည့်ပရိသတ်တွေကလည်း မြို့တော်တောင်ကြီးကို အလည်လာဖို့ အပြိုင်အဆိုင် ကိုယ်စီပြင်ဆင်နေကြပါတယ်။
.
ပွဲတော်ကို အမှီပြုပြီး ပရိယေသန အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ကြတဲ့
၁၂ ပွဲဈေးသည်တွေ၊ တောင်ကြီးနဲ့ အနီးပတ်ဝန်းကျင်ဒေသက နယ်ခံ ဈေးသည်တွေကလည်း ပွဲတော်အတွင်းမှာ
ဈေးခင်းရောင်းချဖို့ အပြိုင်အဆိုင် ပြင်ဆင်နေကြပါတယ်။
.
အဲဒီလို ပြင်ဆင်နေကြတဲ့ အထဲ ဒီတစ်နှစ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့
ပွဲတော်ကာလ လေလံ အရပ်ရပ် ဈေးနှုန်းတွေဟာ ဘိုးဘိုးအောင်တန်ခိုးနဲ့ နှစ်ဆတိုးရုံတင်မကဘဲ
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ကာလထက် သုံးဆလောက်အထိ တိုးမြင့်လာခဲ့တာပဲ ဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်းက ရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
ရိုးရာ မီးပုံးပျံပြိုင်ပွဲ ဈေးဆိုင်ခန်း၊ ပျံကျဈေးသည်နဲ့ လက်ပွေ့လုပ်ငန်းအတွက် ကျပ်သိန်း
၁၀၅၁၀ နဲ့ စဉ့်ကိုင်မြို့နယ်က လုပ်ငန်းရှင်တစ်ဦးက ရရှိခဲ့တယ်လို့ သိရပါတယ်။
.
ဆိုင်ခန်းတွေကိုတော့ အောက်တိုဘာ ၂၉ ရက်မှာ စတင်ရောင်းချပေးမှာ
ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ကျပ် ၁၀ သိန်း ကနေ ၉၅ သိန်း ဝန်းကျင်အထိ ရှိတဲ့အကြောင်း ဈေးဆိုင်ခန်းလုပ်ငန်း
လေလံအောင်မြင်ထားသူက ပြောပါတယ်။
.
ပြည်နယ်အစိုးရ (ပွဲတော်ကျင်းပရေးဦးစီးကော်မတီ) အနေနဲ့ ဈေးဆိုင်ခန်းတွေကို
အမြင့်ဆုံး/ အနိမ့်ဆုံး ဈေးနှုန်း သတ်မှတ်ပေးထားတာ မရှိဘဲ တစ်ထပ်သွပ်မိုးသာ ဆောက်လုပ်ဖို့
အပါအဝင် စည်းကမ်းချက်တွေ ချမှတ်ထားတာ ရှိတယ်လို့ သိရပါတယ်။
.
ထို့အတူပဲ ချားရဟတ်ကွင်း၊ ကလေးကစားကွင်းနဲ့ ပျော့အိကစားကွင်းလုပ်ငန်းအတွက်
လေလံကြေး ကျပ်သိန်း ၁၃၅၀၀၊ ယာဉ်ရပ်နားစခန်းလုပ်ငန်း ၄ ခုအတွက် လေလံကြေး ကျပ်သိန်း
၂၄၁၀ နဲ့ တောင်ကြီးမြို့က လုပ်ငန်းရှင်တစ်ဦးက ရရှိခဲ့တယ်လို့ သိရပါတယ်။
.
ကစားကွင်းနဲ့ ချားရဟတ်လုပ်ငန်း လေလံ အောင်မြင်ထားသူကလည်း
ကစားကွင်းနေရာတွေကို အောက်တို ဘာ ၂၉ ရက်မှ စတင်ရောင်းချမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ကားပါကင်ကြေး ကောက်ခံမှုနဲ့ ပတ်သက်လို့ အစိုးရက သတ်မှတ်ထားတာ ရှိပေမဲ့ ဘယ်လောက် သတ်မှတ်ထားတယ်
ဆိုတာ တိတိကျကျ မသိရသေးဘူး လို့ သူက ဆိုပါတယ်။
.
သန့်စင်ခန်း လုပ်ငန်းအတွက်တော့ မန္တလေးမြို့နေ လုပ်ငန်းရှင်တစ်ဦးက
ကျပ်သိန်း ၁၀၀၀ နဲ့ ရရှိထားတယ် လို့ သိရပြီး အဲဒီ သန့်စင်ခန်းလုပ်ငန်းကလည်း နှစ်စဉ်
ဝေဖန်ခံနေရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
.
လုပ်ငန်း ၄ မျိုးအတွက် လေလံဈေးက ကျပ်သိန်း ၂၇၄၂၀ ဖြစ်ပြီးတော့
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တန်ဆောင်တိုင် ကာလနဲ့ယှဉ်ရင် သုံးဆလောက်မြင့်တက်လာတာလည်းဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်မှာတော့
အဲဒီ လုပ်ငန်း ၄ ခုအတွက် စုစုပေါင်း လေလံကြေး ကျပ်သိန်း ၉၈၀၀ ဖြစ်တယ်လို့ သတင်း ရင်းမြစ်တွေဆီက သိရပါတယ်။ လေလံဈေးက သုံးဆလောက် မြင့်တက်လာတာကြောင့်
တောင်ကြီး တန်ဆောင်တိုင်ပွဲတော် အရင်ထက် ပိုပြီး
၃ ဆလောက် ဈေးကြီးလာမှာလား ဆိုတာက စဉ်းစားစရာ အခြေအနေပါ။
.
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အတွင်း ကုမ္ပဏီ
ဈေးဆိုင်ခန်း ပွဲဈေး ပျံကျဈေး၊ ယာဉ်ရပ်နားခနှင့် သန့်စင်ခန်း လုပ်ငန်းတွေကို
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တွေ ဦးဆောင်တဲ့ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ က ပုဂ္ဂလိက
လုပ်ငန်းရှင်တွေကို နှစ်စဉ် လေလံပေးပြီး လုပ်ကိုင်ခွင့်ပြုနေတာ ဖြစ်ပြီးတော့ လေလံဈေးနှုန်း
တွေ မြင့်မားတာကြောင့် ပွဲတော်အတွင်းမှာ အစားအသောက်၊ ယာဉ်ရပ်နားခ ကအစ အစစအရာရာ ဈေးနှုန်း
မြင့်တက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
.
အရင်နှစ်တွေကတောင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဟာ ဈေးကြီးတဲ့
တန်ဆောင်တိုင်လို့ ပြောဆို ခံနေရတာ ဖြစ်ပြီး အခုလို လေလံဈေးတွေ သုံးဆလောက် မြင့်တက်လာတဲ့အတွက်
တန်ဆောင်တိုင် ပွဲအတွင်းမှာ အစစအရာရာ ကုန်ကျစရိတ်တွေ သုံးဆလောက် ထပ်ပြီး မြင့်တက်လာဦးမှာလား
ဆိုတာကို ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။
.
“အမှန်တကယ်ကတော့ တန်ဆောင်တိုင် ဈေးကြီးတယ် ပြောကြတာ လေလံဈေးကြောင့်လို့
တစ်ထစ်ချ ပြောလို့တော့ မရဘူး။ အဲဒီ လေလံချပေးလိုက်တဲ့အပေါ်မှာ သတ်မှတ်စည်းကမ်းတွေကို
အစိုးရက ဘယ်လို ကြီးကြပ်မှာလဲ ဆိုတာပေါ်မှာ အများကြီး မူတည်ပါတယ်” လို့ ဒေသခံတစ်ဦးက
ပြောပါတဘ်။
.
ကား/ဆိုင်ကယ်ပါကင်လုပ်ငန်း ဆိုရင် ဆိုင်ကယ် တစ်စီး ၅၀၀၀၊
ကားတစ်စီး ၁၀၀၀၀ သတ်မှတ်ထားပေမဲ့ တကယ့်မြေပြင်မှာ ၅၀၀၀၀ ကနေ တစ်သိန်းအထိ ဖြစ်နေပြီးတော့
ဆိုင်ခန်းဈေးနှုန်းတွေ ဆိုရင်လည်း သိန်းရာကြီးဂဏန်းတွေ အထိ ဖြစ်နေတာတွေကို ကြပ်မတ်ဖို့
လိုတဲ့အကြောင်း သူက ပြောပါတယ်။
.
“အစိုးရကတော့ လေလံအများဆုံး ပေးတဲ့သူကို ပေးမှာပဲ။
လုပ်ငန်းရှင်ကလည်း သူ့အတွက် တွက်ချေ ကိုက်အောင် ဈေးတင်မှာပေါ့။ ဒါပေမဲ့ တအားကြီး
လွန်လွန်ကျူးကျူး မဖြစ်ဖို့ လိုတာပေါ့။ ပြည်နယ်အစိုးရအနေနဲ့လည်း ဒါကို
ကြပ်မတ်သင့်ပါတယ်” လို့ နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောဆိုထားပါတယ်။
.
အဲဒီလို လေလံဈေးနှုန်း ကြီးမြင့်တာကြောင့် ဈေးကြီးတဲ့တန်ဆောင်တိုင်
မဖြစ်စေဖို့ ဆိုတာတော့ ရှမ်းပြည်နယ်အစိုးရ (ပွဲတော်ကျင်းပရေးဦးစီးကော်မတီ) အနေနဲ့ စနစ်တကျ
ထိန်းသိမ်းကြပ်မတ်ဖို့ လိုအပ်နေတယ် ဆိုတာကို အားလုံးက တညီတစ်ညွတ်တည်း ပြောဆိုကြပါတယ်။
.
တစ်ခြား တစ်ဘက်မှာလည်း လက်ရှိအချိန်အထိ သိရှိထားတဲ့ အချက်အလက်တွေအရ
တောင်ကြီးမြို့ပေါ် သာမက အနီးပတ်ဝန်းကျင် မြို့တွေက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေ
အားလုံးလိုလို တန်ဆောင်တိုင်ပွဲတော်ကာလအတွက် အခန်း ဘိုကင်တွေ ပြည့်နေကြပြီလို့ ဆိုပါတယ်။
.
ဟိုတယ်/တည်းခိုခန်းတွေသာမက ဘုန်းတော်ကြီးကျောင်းတွေမှာလည်း
လာရောက်တည်းခိုကြမယ့် ဧည့်သည်တွေ အပြည့်ရှိနေကြသလို နေအိမ်လွတ်၊ အခန်းလွတ် ရှိသူတွေကလည်း
ပွဲတော်ကာလအတွက် အိမ်ငှား၊ အခန်းငှားဖို့ ပြင်ဆင်နေကြပါတယ်။ ဒီနေရာမှာ တစ်ခုသတိပေးလိုတာကတော့
ဟိုတယ်ပဲ တည်းတည်း၊ အိမ်ခန်းပဲ ငှားငှား ကျားဖြန့်တွေနဲ့ မတွေ့မိကြဖို့ လိုအပ်ပါတယ်။
.
နှစ်စဉ်လိုလို ကြားနေရတဲ့ သတင်းတချို့မှာ ဟိုတယ်၊ တည်းခိုခန်း
အကြောင်းပြပြီး လိမ်လည်ငွေတောင်းခံ တာမျိုးတွေလည်း ရှိတတ်တဲ့အတွက် ရွှေပွဲလာ ဧည့်ပရိသတ်တွေအနေနဲ့
သက်ဆိုင်ရာ ဟိုတယ်၊ တည်းခိုခန်း တွေက တရားဝင် ထုတ်ပြန်ထားတဲ့ လုပ်ငန်းဖုန်းနံပါတ်တွေကို
သေချာစိစစ် ဆက်သွယ်ကြဖို့နဲ့ ဒေသခံ တောင်ကြီးသား အသိမိတ်ဆွေတွေကို အကူအညီတောင်းခံဖို့
အတွက် အကြံပြုလိုပါတယ်။
.
ကမ္ဘာကျော်တဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ဘာမှဟုတ်တဲ့
ငွေကြေးကိစ္စကြောင့် အရုပ်ဆိုး အကျည်းတန်ပြီး ဈေးကြီးတဲ့ တန်ဆောင်တိုင်လို့ ပြောဆိုတာ
မခံရစေဖို့၊ ကျားဖြန့် အလိမ်အညာတွေရဲ့ အန္တရာယ်က ရှောင်ရှားနိုင်ဖို့ ရှမ်းပြည်နယ်အစိုးရ၊
ပွဲတော်ကျင်းပရေးဦးစီးကော်မတီနဲ့ တာဝန်ရှိသူတွေ အပြင် ဒေသခံပြည်သူတွေ အားလုံး ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်ပြီး
ဈေမကြီးတဲ့ တန်ဆောင်တိုင်အဖြစ် ကမ္ဘာ့အလယ် ဂုဏ်ယူဝင့်ထည် နိုင်ပါစေကြောင်း ဆုမွန်ကောင်း
တောင်းအပ်ပါသည်။ ။
.
❏ ကိုစိုး
.

No comments:
Post a Comment