မိသားစုထဲမှာ လောင်းကစား စွဲနေသူ ရှိနေရင် လုပ်ဆောင်သင့်တဲ့ အချက်များ (ဆောင်းပါး) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, August 11, 2026

မိသားစုထဲမှာ လောင်းကစား စွဲနေသူ ရှိနေရင် လုပ်ဆောင်သင့်တဲ့ အချက်များ (ဆောင်းပါး)


မိသားစုထဲမှာ လောင်းကစား စွဲနေတဲ့သူ တစ်ယောက် ရှိတယ်ဆိုရင် သေချာတာကတော့ အိမ်မှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေက အနှေးနဲ့ အမြန် ဆိုသလို ကုန်မယ် ဆိုတာပါပဲ။ ပိုင်ဆိုင်မှုတွေ ကုန်တဲ့အပြင် ပတ်ဝန်းကျင်နဲ့လည်း ငွေကြေး ပြဿနာတွေ ဖြစ်လာနိုင်သလို၊ မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်ကိုပါ ရန်ရှာ လာနိုင်တဲ့အထိ ဖြစ်လာတတ်တာမျိုးလည်း ရှိကြပါတယ်။

.
တချို့ကတော့ ကိုယ့်မိသားစုဝင် ဖြစ်တာမို့ ပြန်လိမ္မာလာမလား၊ ပြန်ပြုပြင်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ကြည့် နေပေးတတ်ကြပေမယ့် အဲလို စောင့်ကြည့်နေရင်းနဲ့ပဲ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာပါ။ ဒီတော့ ကိုယ့်ရဲ့ မိသားစုထဲမှာ လောင်းကစား လုပ်ရတာကို စွဲလန်းနေတဲ့ သူတစ်ယောက် ရှိပြီဆိုရင် ဒီအချက်တွေကို အရင်ဆုံး လုပ်ကြည့်လိုက်ပါ။
.
■ ဝုန်းဒိုင်းကြဲ ဆူပူတာမျိုး မလုပ်ပါနဲ့

.
ကိုယ်က ဒေါသအလျောက် အော်ဟစ်မိတာ၊ သူ့ကို အရှက်ရအောင် လုပ်လိုက်ရင် သူ့ဘက်က ပြင်ဆင်လာမလား ဆိုပြီး တွေးမိတာ၊ ဝုန်းဒိုင်းကြဲမိတာမျိုးကို သေချာပေါက် ရှောင်ရမှာပါ။ ဒီလို အပြုအမူမျိုးတွေ ကိုယ့်ဘက်က လုပ်လိုက်တဲ့အခါ သူ့ဘက်ကလည်း ပိုပြီး အရွဲ့တိုက်တာမျိုး၊ ပိုပြီး စိတ်ထွက်ပေါက် ရှာဖို့ ကြိုးစားလာတာမျိုးတွေ ဖြစ်တတ်ပြီး အခြေအနေက ပို ဆိုးသွားနိုင်တာပါ။ ဒီတော့ အခြေအနေကို နားလည်အောင် ရှင်းပြ၊ သူ့ကို ကူညီချင်တယ်၊ လမ်းမှန် ပြပေးချင်တယ်ဆိုတာကို သူ နားလည်လာအောင် အေးအေးဆေးဆေး ဆွေးနွေးသင့်ပါတယ်။
.
■ ငွေကြေးပိုင်းနဲ့ ပတ်သက်ပြီး ဂရုစိုက်ပါ

.
သူက လောင်းကစား လုပ်နေပြီ၊ လောင်းကစား လုပ်ရတာ ကြိုက်နေပြီဆိုတာကို ကိုယ်က သိလာတဲ့အခါ ငွေကြေးနဲ့ ပတ်သက်ပြီး ကန့်သတ်ချက် တစ်ခု လုပ်လိုက်ပါ။ သူရသင့်တဲ့ တစ်နေ့တာ အသုံးစရိတ်ထက် ပို မပေးတာမျိုး၊ အိမ်အတွင်းက ပိုက်ဆံထားနေကျ နေရာမျိုးတွေကို ပြောင်းပြီး ထားလိုက်တာမျိုးတွေ လုပ်ရမှာပါ။ အဓိက ကတော့ သူ့ရဲ့အကြွေးတွေကို မဆပ်ပေးနိုင်ဘူးဆိုတဲ့ အကြောင်းကို သူ့မိတ်ဆွေတွေနဲ့ ရင်းနှီးသူတွေကို အရင်ဆုံး အသိပေးထားဖို့ လိုပါတယ်။ ကိုယ်က သူ့ အကြွေးတွေကို လိုက်ပြီး ဖြေရှင်းပေးနေခြင်းက သူ လောင်းကစား လုပ်တာကို ရပ်တန့်ဖို့ထက် သူ့ကို အားပေးနေသလို ဖြစ်စေတာ အမှန်ပါ။
လောင်းကစား ဆိုတာမျိုးက ပိုက်ဆံရှိမှသာ လုပ်နိုင်တာမို့ သူ့ရဲ့ အသုံးစရိတ် အကန့်အသတ် ရှိလာမယ်၊ တခြား နေရာတွေကနေလည်း ပိုက်ဆံ ရှာရ ခက်လာမယ်ဆိုရင် လောင်းကစားလုပ်ဖို့ သူ့အလိုလို ခက်ခဲလာပါလိမ့်မယ်။
.
■ ယုံကြည်မှု ကင်းမဲ့တဲ့ အမူအရာတွေ မပြပါနဲ့

.
နင်က လောင်းကစား စွဲနေလို့ နင့်ကို မယုံဘူးဆိုတဲ့ စကားမျိုးတွေ၊ အပြုအမူမျိုးတွေက ဒီကိစ္စအတွက် အကူအညီ မဖြစ်ပါဘူး။ ဘယ်လို အခြေအနေတွေပဲ ဖြစ်လာဖြစ်လာ ကိုယ်က သူ့ကို ယုံကြည်ပေးနေဖို့ လိုပါတယ်။ သူ ပြောင်းလဲနိုင်တယ်ဆိုတာကို သင်ကိုယ်တိုင် ယုံကြည်မှပဲ သူ့ကို အပြောင်းအလဲ တစ်ခုဆီ ခေါ်သွားပေးနိုင်မှာပါ။

.
ဒီလိုမှ မဟုတ်ဘဲ မယုံကြည်တဲ့ အကြောင်းတွေ တွင်တွင်ပြောပြီး သူ့ကို သတိပေးဖို့ ကြိုးစားနေတယ်ဆိုရင်တော့ သူ့ရဲ့စိတ်က လမ်းမှား တစ်ခုပေါ်ကို ရောက်သွားဖို့ များပါတယ်။ တစ်ခု သိထားရမှာက လောင်းကစား စွဲတယ်ဆိုတာ စိတ်ရောဂါ တစ်ခုလည်း ဖြစ်ပြီး အဲဒါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ ဆိုရင် သူ့ကို စိတ်ဒဏ်ရာ ထပ်ပေးဖို့ မကြိုးစားသင့်ပါဘူး။
.
■ ပျော်စရာ အချိန်လေးတွေ ဖန်တီးပေးပါ

.
ကိုယ့်ရဲ့ မိသားစုဝင် တစ်ယောက်ကို လောင်းကစား လုပ်တာ ရပ်တန့်စေချင်တယ်ဆိုရင် ပြီးခဲ့တာတွေ ပြန် ပြောနေရုံနဲ့ ဘာမှ မကျိုး မရှိပါဘူး။ ကိုယ့်အတွက်လည်း ဒီလို ပြောလိုက်ရတဲ့အတွက် ပြီးခဲ့တာတွေ ပြန်တွေးရင် စိတ် မချမ်းသာရတာဘဲ ရှိသလို သူ့အတွက်လည်း အလားတူ ခံစားရမှာပါ။ ဒီတော့ ပြီးခဲ့တဲ့ ဖြစ်ရပ်တွေကို ပြန်ပြောနေမယ့်အစား သူ့အတွက် ပျော်စရာအချိန်လေးတွေ ဖန်တီးပေးနိုင်ဖို့ ကြိုးစားပါ။ မိသားစုက သူ့ဘက်မှာ ရှိနေမှန်း သူသိ လာတယ်ဆိုရင် တဖြည်းဖြည်း ပြောင်းလဲဖို့ ကြိုးစားလာနိုင်ပါတယ်။
.
■ ဆရာဝန်နဲ့ ပြဖို့ မရှက်ပါနဲ့

.
အပေါ်မှာ ပြောခဲ့တဲ့အတိုင်း လောင်းကစား စွဲနေတယ်ဆိုတာက စိတ်ကျန်းမာရေး ပြဿနာ တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ခုခုကို မလုပ်ရ မနေနိုင် စွဲလန်းနေတာမျိုးက ဆေးပညာအရ ကုသလို့ ပျောက်နိုင်တာမျိုးပါ။ တချို့ မိသားစုတွေက မိသားစုဝင် တစ်ယောက်ယောက် စိတ်ရောဂါကု ဆရာဝန်နဲ့ ပြရတော့မယ်ဆိုရင် အရင်ဆုံး ပတ်ဝန်းကျင်မှာ ဘာ အပြောခံရမလဲ ဆိုပြီး တွေးပူတတ်ကြတာပါ။

.
စိတ်ကျန်းမာရေး ဆေးခန်းတွေမှာ ဒီလို လောင်းကစားစွဲတာ၊ မူးယစ်ဆေးစွဲတာ စတဲ့ စွဲလန်းမှုတွေကို ကုသလို့ ရနေပြီမို့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြသဖို့ မရှက်ပါနဲ့။
.

( Ref – Better Health )

No comments:

Post a Comment

Pages