တီယန်အန်မင် အထိမ်းအမှတ် ဖယောင်းတိုင် မီးထွန်းပွဲ စီစဉ်သူတွေကို အာဏာ ဖြုတ်ချဖို့ လှုံ့ဆော်မှုနဲ့ အပြစ် ရှိကြောင်း ဆုံးဖြတ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, August 21, 2026

တီယန်အန်မင် အထိမ်းအမှတ် ဖယောင်းတိုင် မီးထွန်းပွဲ စီစဉ်သူတွေကို အာဏာ ဖြုတ်ချဖို့ လှုံ့ဆော်မှုနဲ့ အပြစ် ရှိကြောင်း ဆုံးဖြတ်


တရုတ်ပြည်မကြီးမှာ ၁၉၈၉ ခုနှစ် တီယန်အန်မင်ရင်ပြင် ဒီမိုကရေစီရေး ဆန္ဒပြပွဲအတွင်း သေဆုံးခဲ့ သူတွေ အတွက် အောက်မေ့ဆုတောင်းပွဲ ပြုလုပ်တဲ့ တစ်ခုတည်းသော နေရာ ဖြစ်ခဲ့တဲ့ ဟောင်ကောင်က အထိမ်းအမှတ်ပွဲကို ဦးဆောင် စီစဉ်ခဲ့သူ ၂ ဦးကို အာဏာ ဖြုတ်ချဖို့ လှုံ့ဆော်မှု နဲ့ အပြစ် ရှိကြောင်း ဟောင်ကောင် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

.

ဒီ ဆုံးဖြတ်ချက်ဟာ ၁၉၈၉ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘေဂျင်းမြို့ တီယန်အန်မင် ရင်ပြင် နဲ့ အနီးတဝိုက်မှာ ပြုလုပ်နေတဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေကို တင့်ကားတွေနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ဖြစ်ရပ်ကို လူထုအနေနဲ့ ပြန်လည်အောက်မေ့တာတွေကို ဟောင်ကောင် အာဏာပိုင်တွေက နှစ်ပေါင်းများစွာ ဖိနှိပ်လာတဲ့အထဲက နောက်ဆုံးဖြစ်ရပ် တစ်ခု ဖြစ်ပါတယ်။

.

လူ့အခွင့်အရေးရှေ့နေ ချောင်ဟန်တန်  နဲ့ ဒီမိုကရေစီရေး လွှတ်တော်အမတ်ဟောင်း လီချက်ယန် တို့ကို ဟောင်ကောင် ဝက်စ်ကော်လွန်းတရားရုံးက သောကြာနေ့မှာ အာဏာ ဖြုတ်ချဖို့ လှုံ့ဆော်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ အမျိုးသားလုံခြုံရေးဥပဒေအရ ထောင်ဒဏ် အများဆုံး ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။

.

တတိယ တရားစွဲခံရသူ ဖြစ်တဲ့ ဒီမိုကရေစီရေး လွှတ်တော်အမတ်ဟောင်း အဲလ်ဘတ်ဟို (Albert Ho) ကတော့ အရင်ကတည်းက အပြစ် ရှိကြောင်း ဝန်ခံထားပြီး သူ့ကိုတော့ နောက်ပိုင်းမှာ ပြစ်ဒဏ်ချ မှတ်သွားမှာ ဖြစ်ပါတယ်။

.

ဟောင်ကောင်ဟာ တစ်ချိန်က တရုတ်နိုင်ငံအတွင်းမှာ ဒီမိုကရေစီနဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုလှုပ်ရှားနိုင်တဲ့ နေရာတစ်ခု ဖြစ်ခဲ့ပေမယ့် မကြာသေးခင်နှစ်တွေအတွင်း မှာတော့ အခြေအနေတွေ အကြီးအကျယ် ပြောင်းလဲသွားပါတယ်။ အထူးသဖြင့် ၂၀၁၉ ခုနှစ်မှာ ဟောင်ကောင်တစ်ဝှမ်း ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေ နောက်ပိုင်းမှာ အမျိုးသားလုံခြုံရေးကို အကြောင်းပြပြီး အာဏာပိုင်တွေက ဖိနှိပ်မှုတွေ တိုးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။

.

အဲဒီလို ဟောင်ကောင်ရဲ့ အခြေအနေ ပြောင်းလဲသွားမှုကို အထင်ရှားဆုံး ပြသတဲ့အရာတွေထဲမှာ နှစ်စဉ် တီယန်အန်မင် အထိမ်းအမှတ် ဖယောင်းတိုင် မီးထွန်းပွဲ ပျောက်ကွယ်သွားတာလည်း ပါ ပါတယ်။ အရင်တုန်းက အဲဒီပွဲကို လူပေါင်း သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပြီး ဟောင်ကောင်မှာ ဒီမိုကရေစီအ ပြည့်အဝ ရရှိရေးနဲ့ တရုတ်နိုင်ငံမှာ တစ်ပါတီတည်း အုပ်ချုပ်တဲ့စနစ် အဆုံးသတ်ရေးအတွက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

.

၂၀၂၀ ခုနှစ်မှာ အဆိုပါ အထိမ်းအမှတ်ပွဲကို ပိတ်ပင်ခဲ့ပြီးနောက် ဘေဂျင်းက ဟောင်ကောင်အပေါ် အမျိုးသားလုံခြုံရေးဥပဒေ ချမှတ်ခဲ့တာကြောင့် အများပြည်သူရှေ့မှာ တီယန်အန်မင်ဖြစ်ရပ်ကို အောက်မေ့အမှတ်ရတဲ့ လှုပ်ရှားမှုတွေဟာ လက်တွေ့အားဖြင့် ပျောက်ကွယ်သွားခဲ့ပါတယ်။

.

ဘေဂျင်းအစိုးရနဲ့ ဟောင်ကောင်အစိုးရဘက်ကတော့ အမျိုးသားလုံခြုံရေးဥပဒေတွေဟာ ဟောင်ကောင်မှာ စည်းကမ်းနဲ့ တည်ငြိမ်မှုတွေ ပြန်လည်ရရှိလာဖို့အတွက် လိုအပ်တာလို့ ပြောပါတယ်။

.

ဒါပေမဲ့ ဝေဖန်သူတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမေရိကန်အပါအဝင် အနောက်နိုင်ငံ အများအပြား ကတော့ အခုလို ဖိနှိပ်မှုတွေကြောင့် ဟောင်ကောင်မှာ အစိုးရကို ဆန့်ကျင်ဝေဖန်ပြောဆိုမှုတွေ ပျောက်ကွယ်သွားပြီး တစ်ချိန်က ဟောင်ကောင်မှာ ရှိခဲ့တဲ့ ထူးခြားတဲ့ လွတ်လပ်ခွင့်တွေပါ အဆုံးသတ်သွားပြီလို့ ဝေဖန်ကြပါတယ်။

.

တရားရုံးက စီရင်ချက် မချမီ CNN ရဲ့ မေးမြန်းမှုကို တုံ့ပြန်ရာမှာ ဟောင်ကောင်အစိုးရ ပြောရေးဆိုခွင့် ရှိသူကတော့ “အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ ဟောင်ကောင်အစိုးရရဲ့ ကြိုးပမ်းမှုတွေအပေါ် ဘက်လိုက်တဲ့ ပြောဆိုမှုတွေနဲ့ အပုပ်ချဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ ပြောပါတယ်။

.

အမျိုးသားလုံခြုံရေးဥပဒေအောက်မှာ လူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ကာကွယ်ပေးထားတယ်လို့လည်း အစိုးရဘက်က ပြောပါတယ်။

.

သောကြာနေ့မှာ အပြစ် ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရတဲ့ လီချက်ယန်နဲ့ ချောင်ဟန်တန်တို့ဟာ Hong Kong Alliance in Support of Patriotic Democratic Movements of China အဖွဲ့ရဲ့ အဓိကခေါင်းဆောင်တွေ ဖြစ်ပါတယ်။ အဲဒီအဖွဲ့က ၂၀၁၉ ခုနှစ်အထိ ဟောင်ကောင်မှာ နှစ်စဉ် တီယန်အန်မင် အထိမ်းအမှတ် ဖယောင်းတိုင် မီးထွန်းပွဲတွေကို စီစဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages