.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဆီဆိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲများကြောင့် ထိခိုက်ခံစားခဲ့ရသည့် အိမ်ထောင်စုများအတွက်
ဆန်နှင့် တစ်ကိုယ်ရေအသုံးအဆောင် Kit များကို ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
.ASEAN Health Association ၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းက
ဖြန့်ဝေပေးခြင်းဖြစ်ပြီး ဆီဆိုင်မြို့ပေါ် ၆ ရပ်ကွက်နှင့် တောင်ရှေ့၊ နောင်ကျော၊ တပဲ၊
နားခိုက်၊ နားသံကျေးရွာအုပ်စုများမှ အိမ်ထောင်စု ၅၂၀၀ တို့ကို ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
.
“ဆီဆိုင်မြို့ပေါ် ၆ ရပ်ကွက်ပါမယ်။ ကျေးရွာအုပ်စု
၆ အုပ်စု ပါမယ်။ ၁၄ ရက်နေ့မှ စ ဝေမှာပါ။ အကုန်လုံးတော့ ဖြန့်ဝေနိုင်မှာ မဟုတ်ဘူးပေါ့။
သတ်မှတ်ချက်တွေတော့ ရှိတာပေါ့။ အဓိက ကတော့ နောင်ကျောတို့ တောင်ရှေ့တို့ ဆိုတာ အရမ်း
ထိခိုက်ခံစားခဲ့ရတာပေါ့။ စစ်ရှောင်ပြီးတော့မှ သူတို့ရွာတွေမှာ ပြန်ပြီး အခြေချနေထိုင်တဲ့
သူတွေပါ” ဟု ဆီဆိုင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
ထိုသို့ ဖြန့်ဝေရာတွင် အိမ်ထောင်စု ၅၂၀၀ စုတို့အတွက်
တစ်အိမ်ထောင်လျှင် ဆန် ၂၄ ပြည် တစ်အိတ်၊ မိသားစုဝင် ၅ ဦးနှင့်အထိ အိမ်ထောင်စု တစ်စုလျှင်
Family Kit တစ်ပုံး၊ လူတစ်ဦးလျှင် သွားတိုက်ဆေး၊ သွားတိုက်တံ၊
ဆပ်ပြာ၊ ခေါင်းလျှော်ရည် စသည့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ ပါဝင်သည့် Personal
Hyginene Kit တစ်ပုံးစီ တို့ကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
ဆီဆိုင်မြို့နယ်အတွင်းရှိ အိမ်ထောင်စု ၅၂၀၀ စုမှ
ခန့်မှန်းခြေ လူဦးရေ ၂၀၀၀၀ ကျော်ကို ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း အဆိုပါ ကြက်ခြေနီတပ်ဖွဲ့
တာဝန်ရှိသူက ပြောသည်။
.
“အရင်တုန်းကတော့ WFP က လည်း
လာထောက်ပံ့တာ ၃ ကြိမ်လောက် ရှိတယ်။ အဲဒီလို လာထောက်ပံ့တဲ့ အခါမှာ သူတို့သတ်မှတ်တဲ့
အချက် ၆ ချက်နဲ့ ဖြန့်ဝေတာမှာ သူတို့အချက်တွေနဲ့ ကိုက်ညီပေမဲ့ သူတို့ ထောက် ပံ့တဲ့
ရိက္ခာက လုံလောက်မှုမရှိတော့ အပြည့်အဝ မပေးဝေနိုင်ခဲ့ဘူး။ လူထုနဲ့ သူတို့နဲ့ အငြင်းပွားရတာ
ရှိဖူးတယ်။ အခုကတော့ ကြက်ခြေနီက ပထမဆုံးအကြိမ် လာထောက်ပံ့တာလို့ သိရပါတယ်” ဟု ဆီဆိုင်
ဒေသခံတစ်ဦးက ပြောသည်။
.
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းက ဆီဆိုင်မြို့နယ်တွင်
နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အိမ်ခြေအများ အပြား ပျက်စီးခဲ့ကာ ဒေသခံအများအပြား
နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးသည်။ လက်ရှိတွင် ဒေသခံများ နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်သော်လည်း
လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်ဟု သိရသည်။
.

No comments:
Post a Comment