.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင်
ယမန်နေ့ စက်တင်ဘာလ ၅ ရက်၊ ညနေပိုင်းက ကားအတွင်း ထည့်ထားသည့် ကျပ်သိန်း ၃၂၀၀ ကျော် တန်ဖိုးရှိ
ရွှေထည်နှင့် ငွေသားများ အား ကားသော့တုဖြင့်ဖွင့်၍ ခိုးယူသွားသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု
သိရသည်။
.
တောင်ကြီးမြို့နေ အမျိုးသမီးတစ်ဦးသည် ယမန်နေ့ စက်တင်ဘာလ
၅ ရက်၊ ညနေ ၃ နာရီခွဲခန့်က ကျောင်းကြီးစု ရပ်ကွက်၊ နယ်မြေ (၂)၊ ဘုန်းကြီးလမ်းဘေး၌ ရပ်၍
မြေကွက် အရောင်းအဝယ် ပြုလုပ်နေစဉ် ကားပေါ်ရှိ ရွှေထည်နှင့် ငွေသား ကျပ်သိန်း ၂၈၀ တို့
ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရွှေထည်နှင့် ငွေသားများ ပျောက်ဆုံးမှုနှင့်
ပတ်သက်၍ အမျိုးသမီးက တောင်ကြီးမြို့မရဲစခန်းသို့ တိုင်တန်းသဖြင့် ရဲတပ်ဖွဲ့ဝင်များသည်
အခင်းဖြစ်နေရာရှိ CCTV မှတ်တမ်းများရှာဖွေစစ်ဆေးခြင်း၊
အနီးပတ်ဝန်းကျင်ရှိ သက်သေများစစ် ဆေးခြင်း၊ အခြားမြင်တွေ့သူများအား ရှာဖွေစစ်
ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ပစ္စည်းများ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မသင်္ကာသူ တောင်ကြီးမြို့၊
ချမ်းမြသာစည်ရပ်ကွက်နေ မင်းခန့်ဇော် (ခ) စိုင်းလုံနှင့် အိအိသွယ် (ခ) အိသွယ် တို့နှစ်ဦးအား
ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
.
စစ်ဆေးမေးမြန်းချက်အရ ကားပေါ်တွင် တင်ထားသည့် ဒေါ်သန္တာလွင်ပိုင်
ရွှေထည်ပစ္စည်းများ စုစုပေါင်း ၂၉ ကျပ်သား၊ ၁၄ ပဲ၊ ၇ ဒသမ ၇၅ ရွေးနှင့် ငွေစက္ကူရောရာ
ကျပ်သိန်း ၂၈၀ တို့အား ကားသော့တုဖြင့် ဖွင့်၍ ခိုးယူပြီး ချမ်းမြသာစည်ရပ်ကွက်ရှိ ၎င်းတို့နေအိမ်
ဧည့်ခန်းအတွင်း သိုဝှက်သိမ်းဆည်းထားကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
.
“ကားသော့အတုနဲ့ ဖွင့်ပြီး ခိုးယူသွားတာဖြစ်ပါတယ်။
ဖြစ်ပွားပြီး ၂ နာရီအတွင်းမှာ ကျူးလွန်သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်” ဟု တောင်ကြီးမြို့မရဲစခန်းမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ ငွေသားနှင့် ရွှေထည်ပစ္စည်းများ ခိုးယူမှုနှင့်
ပတ်သက်၍ မင်းခန့်ဇော် (ခ) စိုင်းလုံနှင့် အိအိသွယ် (ခ) အိသွယ် တို့နှစ်ဦးအား တောင်ကြီးမြို့မရဲစခန်းတွင်
ထိန်းသိမ်းထားရှိပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:
Post a Comment