တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ တေးသီချင်းပြိုင်ပွဲ ပြုလုပ်မည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, September 19, 2026

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ တေးသီချင်းပြိုင်ပွဲ ပြုလုပ်မည်

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်

.

၂၀၂၆ ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ‎ဖွင့်ပွဲ/ပိတ်ပွဲ အတွက် တေးသီချင်းပြိုင်ပွဲ ပြုလုပ်ပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

တေးသီချင်းပြိုင်ပွဲကို အောက်တိုဘာလ ၂၀ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများ အနေဖြင့် အောက်တိုဘာလ ၁၈ ရက် နောက်ဆုံးထား၍ အသင့် အသုံးပြုနိုင်သည့် တေးသီချင်း ဖိုင်ကို တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ လူထုအခြေပြုဗဟိုဌာနသို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

.

ပြိုင်ပွဲဝင် တေးသီချင်းတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၏ အငွေ့အသက်များအပြင် ရှမ်းပြည်နယ် အတွင်း မှီတင်းနေထိုင်ကြသည့် ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ ဓနု စသည့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုများကို အဓိကထည့်သွင်းရေးစပ်ရမည် ဖြစ်ပြီး အကနှင့် လိုက်ဖက်မည့် အိုးစည်၊ ဗုံမောင်း စသည့် ရိုးရာ တီးလုံးများလည်း ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။

.

“အဓိက ကတော့ တောင်ကြီးတန်ဆောင်တိုင်ရဲ့ အငွေ့အသက်တွေ၊ ရိုးရာဓလေ့တွေ၊ ရှမ်းပြည်နယ်မှာ နေထိုင်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရိုးရာဓလေ့တွေ ပါဝင်ရမှာဖြစ်ပါတယ်။ ဒါတွေကို ပေါင်းစပ်ပြီး ရေးသားတဲ့ သီချင်းမျိုးဆိုရင် ပိုပြီးတော့ အဆင်ပြေပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

‎ပြိုင်ပွဲဝင်သီချင်းများ၏ ကြာချိန်မှာ ၄ မိနစ်ခွဲမှ ၅ မိနစ်ခွဲခန့်အထိ ရှိရမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် သီချင်းကို ပွဲတော်ဖွင့်ပွဲတွင် နှစ်ကျော့ ပြန်လည်ဖျော်ဖြေရမည်ဖြစ်ကြောင်း သိရသည်။

‎.

‎သီချင်းများကို ရွေးချယ်ရာတွင် ဂီတပညာရှင်များ၊ ရိုးရာယဉ်ကျေးမှုဓလေ့များကို နားလည်တတ်ကျွမ်းသူများ နှင့် အဆိုပညာရှင်များ ပါဝင်သည့်အဖွဲ့က စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ယခင်က တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ တေးသီချင်း ပြိုင်ပွဲများကို ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များအတွက် ပြုလုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ စတင်၍ COVID-19 ကပ်ရောဂါ ကူးစက်မှုနှင့် အခြေအနေ အရပ်ရပ်ကြောင့် တေးသီချင်းပြိုင်ပွဲ ပြုလုပ်နိုင်ခြင်း မရှိခဲ့ဘဲ ယခုနှစ်တွင် ပြန်လည်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင်မူ သက်ဆိုင်ရာ ကော်မတီ တာဝန်ရှိသူများက ရေးစပ်ထားသည့် “လှမ်းခဲ့တော့လေ ချယ်ရီမြေ” တေးသီချင်းကို ဖွင့်ပွဲတေးသီချင်းအဖြစ် အသုံးပြု ဖျော်ဖြေခဲ့ကြောင်း သိရသည်။

.

“ပြီးခဲ့တဲ့ နှစ်တွေက တန်ဆောင်တိုင်ပွဲတွေမှာ အမျိုးသားအဆိုတော်တွေ သီဆိုဖျော်ဖြေတဲ့ သီချင်းတွေနဲ့ ဖွင့်ပွဲလုပ်တာပဲ ကြားဖူးတယ်။ ဒီနှစ်မှာတော့ ထူးထူးခြားခြားဖြစ်အောင် အမျိုးသမီးအဆိုတော်တွေလည်း ပါလာရင် ကောင်းပါတယ်” ဟု ဒေသခံတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ်အတွင်းရှိ မျိုးဆက်သစ်အဆိုတော်များ ပေါ်ထွက်လာစေရန်၊ သီချင်းရေးစပ်မှုအတတ်ပညာ တိုးတက်လာစေရန်နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့များကို နားလည်သိရှိပြီး သီချင်းများတွင် ထည့်သွင်းဖော်ပြနိုင်စေရန် ရည်ရွယ်၍ တေးသီချင်းပြိုင်ပွဲ ကျင်းပခြင်းဖြစ်ပြီး ရွေးချယ်ခံရသည့် အဆိုရှင်ကို ထိုက်တန်သည့် ချီးမြှင့်ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

၂၀၂၆ ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဆုပေးပွဲကို နိုဝင်ဘာလ ၂၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages