.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်
.
စင်ကာပူနိုင်ငံသား ၅၂ ဦးကို တရုတ်နိုင်ငံ
ကွမ်ရှီးဒေသမှာ ပိရမစ်ပုံစံ ငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ပြစ်မှု သံသယနဲ့
ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့က
စက်တင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
.
.ဒီဖြစ်စဉ်ဟာ နိုင်ငံခြားမှာ တစ်ချိန်တည်း
စင်ကာပူနိုင်ငံသား အများဆုံး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။
.
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက
ဘေဂျင်းမြို့ရှိ စင်ကာပူသံရုံးနဲ့ ကွမ်ကျိုးမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံး
ကတစ်ဆင့် တရုတ်အာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး၊ လက်ရှိမှာ
စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
.
CNA က တွေ့ဆုံမေးမြန်းခဲ့တဲ့ သတင်းရင်းမြစ် ၃
ခုရဲ့ ပြောဆိုချက်အရ ဖမ်းဆီးခံရသူတွေဟာ အနည်းဆုံး ဇူလိုင်လလယ်ပိုင်းကတည်းက
ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။
.
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့
တရုတ်နိုင်ငံဟာ နိုင်ငံခြားသားတွေ ပါဝင်တဲ့ အမှုတွေကို ဥပဒေ နဲ့အညီ
ကိုင်တွယ်ဆောင်ရွက်ပြီး၊ သက်ဆိုင်သူတွေရဲ့ ဥပဒေအရ ရပိုင်ခွင့်နဲ့
အကျိုးစီးပွားတွေကို အပြည့်အဝ ကာကွယ်ပေးနေတယ်လို့ ပြောပါတယ်။
.
တရုတ်ဥပဒေအရ အချို့သော ပြစ်မှုတွေမှာ
သံသယရှိသူတွေကို တရားဝင် ဖမ်းဆီးမလားဆိုတာ မဆုံးဖြတ် မချင်း ၃၇ ရက်အထိ
ထိန်းသိမ်းထားနိုင်ပါတယ်။
.
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက
ဖမ်းဆီးခံထားရတဲ့ စင်ကာပူနိုင်ငံသား ၅၂ ဦးလုံးကို သွားရောက် တွေ့ဆုံပြီး
ကျန်းမာရေးနဲ့ နေထိုင်မှုအခြေအနေတွေကို စစ်ဆေးခဲ့သလို၊ ကောင်စစ်ဝန် ဆိုင်ရာ အကူအညီ
တွေလည်း ပေးထားတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်ထားပါတယ်။
.
စင်ကာပူ နိုင်ငံခြားရေးနဲ့ ပြည်ထဲရေး
ဒုတိယဝန်ကြီး ဆင်း အန်း က ဝန်ကြီးဌာနတာဝန်ရှိသူတွေဟာ ဖမ်းဆီး ခံထားရသူတွေကို
လက်ရှိအချိန်အထိ ၃ ကြိမ် သွားရောက်တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့
မိသားစုက ပေးပို့တဲ့ သတင်းစကားတွေကို ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။
.
သူက စင်ကာပူအစိုးရအနေနဲ့
ထိခိုက်ခံစားနေရသူတွေကို ကောင်စစ်ဝန်ဆိုင်ရာ အကူအညီပေးသွားမှာ ဖြစ်ပေမဲ့
အခြားနိုင်ငံတွေရဲ့ တရားရေးလုပ်ငန်းစဉ်နဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ
ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး လို့လည်း အလေးပေးပြောကြားခဲ့ပါတယ်။
.
ဒါ့အပြင် နိုင်ငံခြားမှာဖြစ်စေ၊
စင်ကာပူနိုင်ငံအတွင်းမှာဖြစ်စေ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ် တွေမှာ
ပါဝင်မယ်ဆိုရင် သတိထားဖို့ စင်ကာပူနိုင်ငံသားတွေကို သတိပေးခဲ့ပါတယ်။
.
အထူးသဖြင့် လူသစ်တွေ ထပ်မံစုဆောင်းခိုင်းတဲ့
စနစ်တွေ၊ ငွေပမာဏအများကြီး ကြိုတင်ပေးသွင်း ရတဲ့ အစီအစဉ်တွေ၊ ဒါမှမဟုတ်
ပုံမှန်မဟုတ်ဘဲ အမြတ်အစွန်း အလွန်မြင့်မားမယ်လို့ ကတိပေးတဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေကို
အထူးသတိထားသင့်တယ်လို့ ပြောပါတယ်။
.
စင်ကာပူနိုင်ငံသားတွေ အနေနဲ့ နိုင်ငံခြားကို
ခရီးသွားတာဖြစ်စေ၊ နေထိုင်တာဖြစ်စေ သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေတွေကို
လိုက်နာဖို့လည်း ထပ်မံသတိပေးထားပါတယ်။
.
Ref – CAN
.

No comments:
Post a Comment