.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်
.
တရုတ်နိုင်ငံ
တောင်ပိုင်းကမ်းရိုးတန်းပြည်နယ်တွေဖြစ်တဲ့ ဖူကျန့်နဲ့ ကွမ်တုံ ပြည်နယ်တွေမှာ
တိုင်ဖွန်း ဆော်ဒယ်လ် ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြို့ပြနဲ့
ကျေးလက်ဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ် နေပါတယ်။
.
.ရေကြီးမှုကြောင့် ကားတွေ ရေမြုပ်ခဲ့သလို
သုံးထပ်အုတ်အဆောက်အအုံတစ်လုံးလည်း ပြိုကျခဲ့ပြီး ဒေသအများအပြားမှာ
အရေးပေါ်ရေဘေးကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။
.
ဖူကျန့်ပြည်နယ် ဖူတင်းမြို့မှာ မိုးသည်းထန်စွာ
ရွာသွန်းပြီး ရေတွေ မြင့်တက်လာတာကြောင့် မီးသတ် တပ်ဖွဲ့ဝင်တွေဟာ ခါးလောက်အထိ
ရောက်တဲ့ ရေကြီးရေလျှံမှုတွေထဲ ဖြတ်သန်းပြီး သက်ကြီးရွယ်အို တွေကို ဘေးလွတ်ရာ
ကယ်ဆယ်ခဲ့ကြပါတယ်။
.
တောင်တန်းတွေနဲ့ ဝန်းရံထားတဲ့
လက်ဖက်စိုက်ပျိုးရေးဒေသဖြစ်တဲ့ အနီးအနား ကျင်ရှီးရွာမှာလည်း ရေစီးအားပြင်းပြင်းနဲ့
စီးဝင်လာတာကြောင့် လူနေအဆောက်အအုံတွေ ရေမြုပ်ခဲ့ပြီး သုံးထပ်အိမ် တစ်လုံး
ပြိုကျခဲ့ပါတယ်။
.
ရေကြီးရေလျှံမှုတွေကြောင့်
ကမ်းရိုးတန်းဒေသအများအပြားမှာ ကျောင်းတွေ ပိတ်ထားပြီး အများပြည်သူသုံး
သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။
.
တိုင်ဖွန်း ဆော်ဒယ်လ်ဟာ တောင်တရုတ်ပင်လယ်ပြင်မှာ
အင်အားပြန်လည်ကောင်းလာပြီးနောက် ကြာသပတေးနေ့ မနက်ပိုင်းမှာ ဖူကျန့်ကမ်းရိုးတန်းကို
တတိယအကြိမ် ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။
.
ဒီနှစ်အတွင်း တရုတ်နိုင်ငံကို
ဝင်ရောက်တိုက်ခတ်တဲ့ တိုင်ဖွန်းမုန်တိုင်းတွေထဲမှာ ဆော်ဒယ်လ်ဟာ သတ္တမမြောက်
မုန်တိုင်းဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ယူဟွမ်မြို့ကိုလည်း
နှစ်လမပြည့်ခင် တတိယအကြိမ် ဝင်ရောက်တိုက်ခတ်တဲ့ တိုင်ဖွန်းမုန်တိုင်း ဖြစ်ပါတယ်။
.
တရုတ်မိုးလေဝသဌာနကတော့ ဒီလို
မုန်တိုင်းဖြစ်စဉ်တွေဟာ အလွန်ရှားပါးပြီး အယ်လ်နီညို ဖြစ်စဉ်နဲ့ ဆက်စပ်နေတယ်လို့
ပြောပါတယ်။
.
အယ်လ်နီညို ဖြစ်ပေါ်တဲ့နှစ်တွေမှာ
အနောက်ပစိဖိတ်ဒေသက လေထုဖိအားမြင့်ဧရိယာဟာ ပုံမှန်ထက် ပိုအားကောင်းပြီး
မြောက်ဘက်ကို ရွေ့လျားတာကြောင့် တိုင်ဖွန်းမုန်တိုင်းတွေဟာ အနောက်မြောက် ဘက်ကို
ဦးတည်ကာ တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို တိုက်ရိုက်ဝင်ရောက်လာနိုင်ပါတယ်။
.
ကုလသမဂ္ဂကလည်း အယ်လ်နီညိုဟာ ၂၀၂၇ ခုနှစ်အထိ
ပိုမိုအားကောင်းလာနိုင်ပြီး စံချိန်တင် အားအကောင်းဆုံး အယ်လ်နီညို
ဖြစ်လာနိုင်တာကြောင့် ရေရှည်ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်ခြေ
မြင့်တက်လာမယ်လို့ သတိပေးထားပါတယ်။
.
ဩဂုတ်လကုန်ပိုင်းကတည်းက ကျဲ့ကျန်းပြည်နယ်နဲ့
အနီးအနားပြည်နယ်တွေမှာ လူပေါင်း ရာနဲ့ချီ ရွှေ့ပြောင်းပေးထားရပြီး
ဖူကျန့်ပြည်နယ်တစ်ခုတည်းမှာတင် ဆော်ဒယ်လ်မုန်တိုင်းကြောင့် လူပေါင်း ၈၃,၀၀၀ ကျော် ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
.
ဖူကျန့်ပြည်နယ် ဖူထျန်မြို့မှာလည်း မြို့လယ်ကို
ဖြတ်သန်းစီးဆင်းတဲ့ မူလန်မြစ်ရေ မြင့်တက်လာ တာကြောင့် အဓိကလမ်းမကြီးတွေမှာ
ရေကျော်ဝင်ရောက်ခဲ့ပြီး တံတားအဆောက်အအုံတချို့နဲ့ လူနေအဆောက်အအုံတွေ
ထိခိုက်ပျက်စီးခဲ့ပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment