.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်
.
နှစ်စဉ် မိုးရွာသွန်းတိုင်း ရေကြီးရေလျှံမှု အမြဲဖြစ်ပေါ်နေသည့်
ဟိုပုံးမြို့၊ အနောက်ရပ်ကွက်ရှိ ဆွမ်မီလမ်း ကို ယနေ့ အချိန်အထိ သက်ဆိုင်ရာဌာနများမှ
လာရောက်ပြုပြင် ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ဒေသခံ များထံက သိရသည်။
.
.ဆွမ်မီလမ်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေမှုနှင့်
ပတ်သက်၍ ရပ်ကွက်သူ/ရပ်ကွက်သားများ စုပေါင်းလက်မှတ် ရေးထိုးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်
မြို့နယ်စည်ပင်သာယာရေးဌာနသို့ စာပေးပို့ တင်ပြထားပြီး ဖြစ်သည်ဟု သိရသည်။
.
“ဒီလမ်းက မိုးရွာတိုင်း အမြဲတမ်း ရေလျှံတယ်။ တစ်နှစ်
နှစ်နှစ် မဟုတ်တော့ဘူး။ အမြဲတမ်းပဲ ဖြစ်နေတာ။ ထွေအုပ်နဲ့ စည်ပင်ကိုလည်း ကျွန်မတို့
လက်မှတ်ထိုးပြီး စာတင်ထားပါတယ်။ အခုချိန်အထိ ဘာမှ လုပ်ဆောင်ပေးတာ မရှိသေးဘူး” ဟု ဟိုပုံးမြို့၊
အနောက်ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
.
လက်မှတ်ရေးထိုး တင်ပြထားမှုအရ စည်ပင်သာယာရေးဌာန၊
ဆည်မြောင်းဌာန အပါအဝင် ဌာနဆိုင်ရာများ လာရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သော်လည်း
ယနေ့အချိန်ထိ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိ သေးကြောင်း ဒေသခံများက
ပြောဆိုကြသည်။
.
“ဒီအနီးအနားမှာ နေတဲ့ ပြည်သူလူထုတွေက
အရမ်းခက်ခဲနေတယ်။ တစ်မြို့လုံး ပြည်သူတွေလည်း သိနေတာပဲ။ အဲဒါကို သက်ဆိုင်ရာက
ကွင်းဆင်းကြည့်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးပါလို့ ပြောချင်ပါတယ်” ဟု အခြား
ဒေသခံတစ်ဦးက ပြောသည်။
.
အဆိုပါ ဆွမ်မီလမ်းတွင် မိုးရွာသွန်းတိုင်း
ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ရေလျှံသည့် အကြိမ်ရေ ၁၀ ကြိမ်ထက်မနည်းရှိပြီဖြစ်ကြောင်း
သိရသည်။
.
“မနေ့ (စက်တင်ဘာလ ၂ ရက်) ညနေ မိုးရွာတော့လည်း ရေလျှံတာပဲ။
မိုးနည်းနည်းရွာတာနဲ့ကို လျှံနေတာ။ ဒီအနီးဝန်းကျင်က ဒေသခံတွေ၊ ကျောင်းသား/ကျောင်းသူတွေ
သွားပြန်ရတာ ဘယ်လိုမှ အဆင်မပြေဘူး။ သက်ဆိုင်တဲ့ ဌာနတွေအနေနဲ့ မမြင်တာလား၊ မမြင်ချင်ယောင်
ဆောင်နေတာလား မပြောတတ်ဘူး” ဟု ဆွမ်မီလမ်းအတွင်း နေထိုင်သူတစ်ဦးကလည်း ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာန
တာဝန်ရှိသူတစ်ဦးက “အဲဒီလမ်းကိစ္စ စည်ပင်အနေနဲ့ ထွေအုပ်ကို တင်ထားပါတယ်။ မြို့နယ် စီခန့်အဖွဲ့ရဲ့
ဖွဲ့စည်းမိန့် စောင့်ရမှာပေါ့။ ပြီးမှ မြေပြင်မှာ ကြည့်ရှုပြီး ဌာနဘတ်ဂျက်နဲ့ သွားမှာလား၊
ရပ်ကွက် ကိုယ်ထူကိုယ်ထ သွားမှာလား၊ အဲဒီမှာ ဖြစ်နေတဲ့ အိမ်ခြေ ဘယ်နှလုံးရှိတယ် ဆိုတာ
တွေ စာရင်း ယူရမှာပါ” ဟု ပြောဆိုခဲ့သည်။
.
ထို့အတူ ဟိုပုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
တာဝန်ရှိသူတစ်ဦးကလည်း “ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ ဖွဲ့ထားပါတယ်။ ကွင်းဆင်းစစ်ပြီးမှ
ဆက်လုပ်မှာပါ” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ ဆွမ်မီလမ်းကို အနီးပတ်ဝန်းကျင်
ပြည်သူများအပြင် ဟိုပုံးတစ်မြို့လုံးသာမက ရပ်နီးရပ်ဝေးမှ ဆွမ်မီကျောင်းသို့
ဘုရားဖူး လာရောက်ကြည့်သည့် ဧည့်သည်များ သွားလာအသုံးပြုနေပြီး ကျောင်းသား/ သူများ
နေ့စဉ် ကျောင်းသွား/ပြန် ပြုလုပ်နေသည့် လမ်းလည်း ဖြစ်သည့်အတွက် အမြန်ဆုံး
ပြင်ဆင်ပေးရန် လိုအပ်နေ ကြောင်း ဒေသခံများထံက သိရသည်။
.

No comments:
Post a Comment