.
ရုရှားနိုင်ငံမှာ
စက်တင်ဘာ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ကျင်းပနေတဲ့ ပါလီမန်ရွေးကောက်ပွဲ ဒုတိယနေ့
ဖြစ်တဲ့ စနေနေ့က အွန်လိုင်းမဲပေးစနစ်နဲ့ ဆက်သွယ်ရေးလိုင်းတွေ တိုက်ခိုက်ခံခဲ့ရတယ်လို့
ရုရှားအာဏာပိုင် တွေက ထုတ်ပြန်လိုက်ပါတယ်။
.
.
၂၀၂၂
ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ ယူကရိန်းထိုးစစ် စတင်ပြီး နောက်ပိုင်းမှာ
ပထမဆုံးအကြိမ် အဖြစ် ကျင်းပတဲ့ ရုရှားရဲ့ ဒူးမားရွေးကောက်ပွဲမှာ အာဏာရပါတီဖြစ်တဲ့
ပူတင်ကိုထောက်ခံတဲ့ United
Russia ပါတီက သူတို့ရဲ့ လွှမ်းမိုးမှုကို ဆက်ပြီး
ထိန်းထားနိုင်မယ်လို့လည်း ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်နေတာ ဖြစ်ပါတယ်။
.
အပစ်အခတ်ရပ်စဲရေးကို
လိုလားတဲ့ လစ်ဘရယ်ဝါဒီ Yabloko ပါတီက ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း တွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး
ရုရှားတရားရုံးချုပ်က ပြီးခဲ့တဲ့လမှာ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးတော့ ရွေးကောက်ပွဲ
မဲပေးတဲ့လုပ်ငန်းစဉ်တွေ မစတင်ခင်မှာပဲ စစ်ပွဲကိုဆန့်ကျင်တဲ့ ကိုယ်စားလှယ်လောင်း
အများစုဟာ မဲစာရင်းက ဖယ်ထုတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
.
Yabloko ပါတီကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
.
ဒါပေမဲ့
Yabloko ပါတီ
ကိုယ်စားလှယ်လောင်း တချို့ကတော့ အောက်လွှတ်တော် မဲဆန္ဒနယ်တွေမှာ ဆက်ပြီး
ပါဝင်ယှဉ်ပြိုင်နေကြသေးတာလည်း ဖြစ်ပါတယ်။ Yabloko ပါတီဟာ
အရင်ကလည်း မဲရလဒ် ၁၀ ရာခိုင်နှုန်း အောက်သာ ရရှိခဲ့တဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။
.
အွန်လိုင်းမဲပေးစနစ်ကို
အကြီးအကျယ် တိုက်ခိုက်ခံခဲ့ရပေမဲ့ အခြေအနေအားလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီလို့
ရုရှား အာဏာပိုင်တွေက စနေနေ့မှာ ပြောဆိုထားပါတယ်။
.
တိုက်ခိုက်မှုတွေ
ဆက်ရှိနေပေမဲ့ အားလုံကို ပြန်လည်တွန်းလှန်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဗဟိုရွေးကောက်ပွဲ
ကော်မရှင် ဥက္ကဋ္ဌ Ella
Pamfilova က ပြောဆိုခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာတွေမှာ
ဖော်ပြထားပါတယ်။
.
ရုရှားဒီဂျစ်တယ်ဝန်ကြီးကတော့
နိုင်ငံရဲ့ အရှေ့ပိုင်းဒေသရှိ ဆက်သွယ်ရေးလိုင်းတွေကို ဖျက်ဆီး နှောင့်ယှက်ဖို့
ကြိုးပမ်းမှုတစ်ခုကို သိရှိခဲ့ရပေမဲ့ အဲဒီတိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့ပြီး
ဆက်သွယ်ရေး စနစ်အားလုံး ပြန်ပြီး လည်ပတ်နိုင်ပြီဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
.
သမ္မတ
ဗလာဒီမာ ပူတင်ကတော့ ယူကရိန်းအနေနဲ့ မဲပေးမှုမှာ ဝင်ရောက်စွက်ဖက်ဖို့
ကြိုးပမ်းနေတယ် လို့ အစောပိုင်းက စွပ်စွဲပြောဆိုထားပါတယ်။
.
စနေနေ့
ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့
မဲလာရောက်ပေးသူဦးရေ ၃၂ ဒသမ ၅၈ ရာခိုင်နှုန်း ရှိနေပြီလို့
နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
.
ရုရှားလိုလားပြီး
ခွဲထွက်ရေးဝါဒီတွေ လွှမ်းမိုးထားတဲ့ မော်လ်ဒီဗာနိုင်ငံရဲ့ ထရန်စ်နီစထရီးယားဒေသမှာတော့
ရုရှားနိုင်ငံသားတွေအတွက် မဲရုံ ၁၅ ရုံ ဖွင့်လှစ်ဖို့ ကရင်မလင်က စီစဉ်ခဲ့ပြီး
သက်ဆိုင်ရာအစိုးရက ကန့်ကွက် တဲ့ အတွက် သံတမန်ရေးရာ အငြင်းပွားမှုတွေ ရှိခဲ့တာလည်း
ဖြစ်ပါတယ်။
.
၁၉၉၀
ပြည့်နှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲချိန်မှာ မော်လ်ဒီဗာနိုင်ငံက ခွဲထွက်ခဲ့တဲ့ ထရန်စ်နီစထရီးယားဒေသ
က ဒေသခံ ၂၂၀၀၀၀ လောက်က ရုရှားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး
မဲပေးပိုင်ခွင့်ရှိတယ်လို့ မော်စကိုဘက်က ပြောဆိုထားတာ ဖြစ်ပါတယ်။
.
Ref –
Reuters
.

No comments:
Post a Comment