.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်
.
မီးပုံးပျံ ပြုလုပ်ရန်အတွက် ရှမ်းစက္ကူနှင့် ယမ်းပစ္စည်းများ
ဈေးနှုန်း မြင့်တက်လာသဖြင့် ကုန်ကျစရိတ်များ မြင့်တက်လာနေသော်လည်း ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မီးပုံးပျံ အရေအတွက် ယခင်နှစ်ထက် ပိုမိုများပြားလာနိုင်သည်ဟု
သိရသည်။
.
.ပြိုင်ပွဲဝင် မီးပုံးပျံ အရေအတွက် များပြားလာမည်ဖြစ်သော်လည်း
ပြိုင်ပွဲနှင့်ပတ်သက်၍ အစည်းအဝေး တစ်စုံတစ်ရာ ခေါ်ယူခြင်း မရှိသေးသဖြင့် လက်ရှိအချိန်အထိ
ပြိုင်ပွဲဝင် မီးပုံးပျံအရေအတွက်ကို အတိအကျ မသိရှိရသေးကြောင်း မီးပုံးပျံအဖွဲ့များထံက
သိရသည်။
.
“အရင် မီးအဖွဲ့ဟောင်းတွေလည်း ပြန်ဝင်လာတာရှိတယ်။
အစည်းအဝေးမခေါ်သေးတော့ အတိအကျ မသိရသေးဘူး။ လောလောဆယ် လုပ်နေတာ ညမီးကြီး ကို အလုံး
၄၀ ကျော်၊ ၅၀ လောက် ရှိပါတယ်” ဟု ပြိုင်ပွဲဝင် မီးပုံးပျံအဖွဲ့ဝင်တစ်ဦးက ပြောသည်။
.
မီးပုံးပျံ ကိုယ်ထည်ပြုလုပ်ရာတွင် အဓိကအသုံးပြုသည့်
ရှမ်းစက္ကူဈေးနှုန်းများမှာ ယခင်နှစ်ထက် သိသိသာသာ ဈေးနှုန်း မြင့်တက်သွားပြီး ယခင်က
ရှမ်းစက္ကူတစ်ရွက်လျှင် ၄၀၀ မှ ၅၀၀ ကျပ်သာ ရှိသော်လည်း ယခုနှစ်တွင် ရှမ်းစက္ကူတစ်ရွက်လျှင်
၁၈၀၀ မှ ၂၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးတက်သွားကာ မီးပုံးပျံတစ်လုံးလျှင် ရှမ်းစက္ကူ အရွက်ရေ
၁၀၀၀ ခန့် အသုံးပြုရသည်ဟု သိရသည်။
.
ထို့အပြင် မီးပုံးပျံကိုယ်ထည်တွင် အလှဆင် ရေးဆွဲသည့်
ပန်းချီဆွဲခများမှာလည်း ယခင်နှစ်က ကျပ် ၃ သိန်းမှ ၄ သိန်းဝန်းကျင်သာ ကျသင့်ခဲ့သော်လည်း
ယခုနှစ်တွင် ၇ သိန်းခန့် ကုန်ကျမည်ဖြစ်သည်ဟု သိရသည်။
.
ညမီးကြီး မီးပုံးပျံအတွက် လိုအပ်မည့် ယမ်းပစ္စည်းများ
ဝယ်ယူရာတွင်မူ အခက်အခဲ မရှိဘဲ ကုန်ကျစရိတ် မြင့်တက်လာမှုသာ ရှိကြောင်း မီးပုံးပျံအဖွဲ့များက
ပြောဆိုကြသည်။
.
“ယမ်းကတော့ ဌာနဆိုင်ရာက လက်မှတ်ပေးထားတယ်။ ဝယ်လို့ရတယ်။
အခက်အခဲမရှိပါဘူး။ သူတို့ (ဌာနဆိုင်ရာက) ထုတ်ပေးတာလည်း များပါတယ်။ အဓိက ကတော့ ဈေးကြီးလာတော့
ငွေကြေးပဲ အခက်အခဲရှိပါတယ်” ဟု မီးပုံးပျံ ပြုလုပ်နေသူတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ အထွေထွေကုန်ကျစရိတ်များ မြင့်တက်လာသည့်အတွက်
ယခုနှစ်တွင် ညမီးကြီး မီးပုံးပျံတစ်လုံး လျှင် ကျပ်သိန်း ၄၀၀ မှ ၄၅၀ အထိ ကုန်ကျနိုင်ပြီး
စိန်နားပန် မီးပုံးပျံတစ်လုံးလျှင် ကျပ်သိန်း ၇၀ ခန့်အထိ ကုန်ကျနိုင်မည်ဖြစ်ကြောင်း
သိရသည်။
.
အထွေထွေ ကုန်ကျစရိတ် မြင့်တက်လာနေသော်လည်း ပြိုင်ပွဲဝင်
မီးပုံးပျံအဖွဲ့များ အနေဖြင့် ရိုးရာ အစဉ်အလာကို ထိန်းသိမ်းသည့်အနေဖြင့် မီးပုံးပျံပြိုင်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
.
“မီးပုံးပျံ အရေအတွက်က အရင်နှစ်ထက်
များလာနိုင်ပေမဲ့ ဟိုးအရင် ကိုဗစ်ကာလ မတိုင်မီက အရေအတွက်လောက်တော့ ရှိနိုင်မှာ
မဟုတ်ဘူးပေါ့” ဟု ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ယခုနှစ် ၂၀၂၆ ခုနှစ်၊
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလလယ်ခန့်တွင် စတင်ကျင်းပပြုလုပ်
သွားမည်ဖြစ်ပြီး မီးပုံးပျံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ညမီးကြီးနှင့်
စိန်နားပန် မီးပုံးပျံအဖွဲ့များက မီးပုံးပျံ နှင့် ယမ်းလုပ်ငန်းများကို
စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ တောင်ကြီးမြို့တော်
တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ညမီးကြီးနှင့်
စိန်နားပန် မီးပုံးပျံ စုစုပေါင်း အလုံးရေ ၈၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
.
COVID-19 ကပ်ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်က တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီး မီးပုံးပျံ ၇၉ လုံး၊ စိန်နားပန် မီးပုံးပျံ ၃၆ လုံး၊ နေ့လွှတ်အရုပ် မီးပုံးပျံ ခြေ ၂ ချောင်း ၁၅၀ လုံး၊ ခြေ ၄ ချောင်း ၉၄
လုံး၊ အုပ်စု ၃၅ လုံး၊ စုစုပေါင်း မီးပုံးပျံ အရေအတွက် ၃၉၄ လုံး ဝင်ရောက်ယှဉ်ပြိုင်
လွှတ်တင်ခဲ့သည်။
.

No comments:
Post a Comment