.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်
.
တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်တွင်း လမ်းကြားများတွင်
မလိုအပ်ဘဲ အများအပြား ပြုလုပ်ထားသည့် အရှိန်လျှော့ Slow Down များကြောင့် ယင်းလမ်းများမှ ဖြတ်သန်းသွားလာနေရသည့် ဒေသခံများအတွက် သွားလာရေး
အခက်အခဲဖြစ်ပေါ်နေရသည်ဟု သိရသည်။
.
.တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိ ချယ်ရီလမ်း အပါအဝင်
မြို့ပေါ်ရှိ ရပ်ကွက်တွင်းလမ်းကြားများတွင် Slow Down အများအပြား
ချထားခြင်းဖြစ်ပြီး ယင်းလမ်းများမှ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် ပြည်သူများ အနေဖြင့်
ယာဉ်အောက်ပိုင်း မထိခိုက်အောင် ဂရုပြု မောင်းနှင်နေရသည့်အပြင် ဆိုင်ကယ် တိမ်းမှောက်မှု
မဖြစ်စေရန် သတိထားနေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။
.
“ကားတွေ အရှိန်လျှော့ဖို့ လိုအပ်တာနားလည်ပါတယ်။
ဒါပေမဲ့ အရမ်းမြင့်နေရင် ဆိုင်ကယ်၊ ကားတွေ အတွက် သွားလာရတာ အခက်အခဲဖြစ်တယ်။ ရပ်ကွက်နေပြည်သူ
အများစု နေ့တိုင်း သွားလာနေရတဲ့လမ်း ဆိုတော့ အဆင်ပြေအောင် ပြန်လုပ်ပေးစေချင်တယ်”
ဟု စိန်ပန်းရပ်ကွက်၊ ချယ်ရီလမ်းမှ နေ့စဉ် ဖြတ်သန်းသွားလာနေရသူ ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။
.
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက်
လိုအပ်သည့် နေရာများတွင် Slow Down ပြုလုပ် ခြင်းမှာ လက်ခံနိုင်ဖွယ်
ရှိသော်လည်း လမ်းကြားကျဉ်းများအတွင်း မလိုအပ်ဘဲ Slow Down အများအပြား
ပြုလုပ်ထားခြင်းကြောင့် သွားလာရေး အခက်အခဲဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု သိရသည်။
.
“နိုင်ငံတကာမှာ ဆိုရင် Slow Down က သတ်မှတ်ချက်တွေရှိတယ်။ အကွာအဝေး ဘယ်လောက်၊ အမြင့် ဘယ်လောက်ပေါ့။ ဒီမှာကတော့
လုပ်ချင်တိုင်းကို လုပ်နေကြတာပါ။ လမ်းကြား ကျဉ်းကျဉ်းလေးမှာကို သူ့အိမ်ရှေ့ ကိုယ့်အိမ်ရှေ့
အကုန်လုပ်ထားတော့ ဘယ်လိုမှ သွားလို့ အဆင်မပြေတော့ဘူး” ဟု အခြား ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါ စိန်ပန်းရပ်ကွက်ရှိ ချယ်ရီလမ်း အပြင် တောင်ကြီးမြို့ပေါ်ရှိ
အခြား ရပ်ကွက်တွင်းလမ်းများတွင် လည်း ယင်းကဲ့သို့ Slow Down အများအပြား
ပြုလုပ်ထားမှုများ ရှိနေပြီး အများပြည်သူ သွားလာမှု အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်
ကွင်းဆင်းစိစစ်ပြီး မလိုအပ်သည့် Slow Down များကို ဖျက်သိမ်းပေးစေလိုကြောင်း
ဒေသခံများက ပြောဆိုကြသည်။
.

No comments:
Post a Comment