ထိုင်ဝမ်ဟာ ငြိမ်းချမ်းရေးကို လိုလားပေမဲ့ လွတ်လပ်ခွင့်ကို စွန့်လွှတ်မှာမဟုတ်ဟု ပြော - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, October 11, 2026

ထိုင်ဝမ်ဟာ ငြိမ်းချမ်းရေးကို လိုလားပေမဲ့ လွတ်လပ်ခွင့်ကို စွန့်လွှတ်မှာမဟုတ်ဟု ပြော

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်

.

ထိုင်ဝမ်ဟာ ငြိမ်းချမ်းရေးကို လိုလားပေမဲ့ လွတ်လပ်ခွင့်ကိုတော့ စွန့်လွှတ်မှာမဟုတ်ဘူးလို့ သမ္မတ လိုင်ချင်တယ်က အောက်တိုဘာ ၁၀ ရက် အမျိုးသားနေ့မိန့်ခွန်းမှာ ပြောပါတယ်။ ထိုင်ဝမ်ပြည်သူတွေ ရှင်သန်နေထိုင်ခွင့်ကိုလည်း လေးစားရမှာဖြစ်ပြီး နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်တာဟာ ရန်စတာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

.

.

ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ သူတို့ပိုင်နက်ဖြစ်တယ်လို့ သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးဖိအားတွေကို ပိုမိုရင်ဆိုင်နေရပါတယ်။ ထိုင်ဝမ်အစိုးရဟာ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်တာ၊ စစ်တပ်ကို ခေတ်မီအောင် ပြုပြင်တာတွေလုပ်ဆောင်နေပြီး တရုတ်ရဲ့ စစ်အင်အားက ပိုမို ကြီးမားနေတာကြောင့် စစ်လေယာဉ်တွေနဲ့ ဒုံးကျည်စနစ်တွေလို အဆင့်မြင့်လက်နက်တွေကိုလည်း ဖြည့်တင်းနေပါတယ်။

.

“ငြိမ်းချမ်းရေးဆိုတာ ဆုတောင်းနေရုံနဲ့ မရနိုင်ပါဘူး။ ထိုင်ဝမ်ဟာ ငြိမ်းချမ်းရေးကို လိုလားပေမဲ့ လွတ်လပ်ခွင့်ကို စွန့်လွှတ်မှာမဟုတ်ပါဘူး။ အပြန်အလှန်ဆက်ဆံဖို့ ကျွန်တော်တို့ အသင့်ရှိပေမဲ့ လက်အောက်ခံဖြစ်ဖို့တော့ လက်ခံမှာမဟုတ်ပါဘူး” လို့ လိုင်က သမ္မတရုံးအပြင်ဘက်မှာ ပြောကြားခဲ့ပါတယ်။

.

ထိုင်ဝမ်ရဲ့ ရပ်တည်ချက်ဟာ အာဏာရှင်စနစ်ရဲ့ နယ်မြေချဲ့ထွင်မှုကို ရင်ဆိုင်ပြီး ကိုယ့်နိုင်ငံကိုယ် ရှင်သန် ရပ်တည်နိုင်ရေးအတွက်သာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ အင်အားသုံးပြီး နိုင်ငံတကာစည်းမျဉ်း တွေကို ကျော်လွှားလို့မရဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ ပြည်သူတွေ ကိုယ့်အနာဂတ် ကိုယ် ဆုံးဖြတ်ပိုင်ခွင့် ရှိတယ် ဆိုတဲ့ အခြေခံမူတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်လက်ခံ ထားမလားဆိုတဲ့ ကိစ္စ လည်း ဖြစ်တယ်လို့ ပြောပါတယ်။

.

ထိုင်ဝမ်ကို သူတို့ရဲ့ထိန်းချုပ်မှုအောက် ရောက်ရှိလာစေဖို့ လိုအပ်ရင် အင်အားသုံးမယ်ဆိုတဲ့ မူဝါဒကို တရုတ် က စွန့်လွှတ်ထားခြင်းမရှိပါဘူး။ တရုတ်အစိုးရက လိုင်ကိုလည်း ခွဲထွက်ရေးသမားလို့ ခေါ်ဆိုထား ပြီး သူ့ရဲ့ ဆွေးနွေးရေးကမ်းလှမ်းချက်တွေကို ပယ်ချထားပါတယ်။ လိုင်ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ထိုင်ဝမ် ရေးရာရုံးကတော့ ချက်ချင်းတုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

.

လိုင်က သူ့အစိုးရရဲ့ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မှုဟာ စစ်ပွဲဖြစ်အောင် ရန်စတာမဟုတ်ဘဲ စစ်ပွဲမဖြစ် အောင် ဟန့်တားဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မြှင့်တင်တာဟာ ဆွေးနွေး မှုတွေကို စွန့်လွှတ်တာမဟုတ်ဘဲ နှစ်ဖက်တန်းတူညီမျှမှုနဲ့ ဂုဏ်သိက္ခာရှိရှိ ဆွေးနွေးနိုင်ဖို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။

.

၂၀၂၄ ခုနှစ်မှာ လိုင်ရဲ့ ပထမဆုံး အမျိုးသားနေ့မိန့်ခွန်းအပြီး တရုတ်က ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ မနှစ်ကတော့ အဲဒီလို လုပ်ဆောင်ခဲ့တာ မရှိပါဘူး။ နောက်ဆုံးအကြိမ်အဖြစ် တရုတ်က ထိုင်ဝမ်အနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာဟာ အမေရိကန်က ထိုင်ဝမ်အတွက် ဒေါ်လာ ၁၁ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချရေး သဘောတူ ညီချက်ကို ကြေညာပြီးနောက် ဒီဇင်ဘာလ နှောင်းပိုင်းမှာ ဖြစ်ပါတယ်။ အဲဒီလက်နက်ရောင်းချမှုဟာ ထိုင်ဝမ်အတွက် အမေရိကန်ရဲ့ အကြီးမားဆုံး လက်နက်ရောင်းချရေးအစီအစဉ်ဖြစ်ပါတယ်။

.

အမေရိကန်နဲ့ တရုတ်တို့အနေနဲ့ သူတို့ကြားက ပြိုင်ဆိုင်မှုတွေကို ဆွေးနွေးမှုကတစ်ဆင့် ဖြေရှင်းပြီး ပဋိပက္ခနဲ့ စစ်ပွဲဖြစ်နိုင်ခြေကို လျှော့ချနေတာကို ကြိုဆိုတယ်လို့ လိုင်က ပြောပါတယ်။ ဒါပေမဲ့ အင်ဒို-ပစိဖိတ်ဒေသက ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆက်လက် ထိန်းသိမ်းဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

.

ထိုင်ဝမ်အမျိုးသားနေ့ကို ၁၉၁၁ ခုနှစ်က တရုတ်နိုင်ငံရဲ့ နောက်ဆုံးဧကရာဇ်မင်းဆက်ကို ဖြုတ်ချပြီး တရုတ်သမ္မတနိုင်ငံ ထူထောင်ရေးဆီ ဦးတည်စေခဲ့တဲ့ တော်လှန်ရေးအထိမ်းအမှတ်အဖြစ် ကျင်းပတာ ဖြစ်ပါတယ်။

.

၁၉၄၉ ခုနှစ်မှာ မော်စီတုန်းဦးဆောင်တဲ့ ကွန်မြူနစ်တပ်ဖွဲ့တွေနဲ့ ပြည်တွင်းစစ်ရှုံးနိမ့်ပြီးနောက် တရုတ်သမ္မတ နိုင်ငံအစိုးရဟာ ထိုင်ဝမ်ကျွန်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အခုအချိန်အထိ ထိုင်ဝမ်ရဲ့ တရားဝင်အမည်က တရုတ်သမ္မတနိုင်ငံ (Republic of China) ဖြစ်ပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages