အမေရိကန် အထူးကိုယ်စားလှယ် ဝစ်ကော့ဖ်က ပူတင်နဲ့ တွေ့ဆုံမယ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, October 21, 2026

အမေရိကန် အထူးကိုယ်စားလှယ် ဝစ်ကော့ဖ်က ပူတင်နဲ့ တွေ့ဆုံမယ်

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်

.

အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။ ဒါဟာ နော်ဝေနိုင်ငံမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနဲ့ “အပြုသဘောဆောင်တဲ့” ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ဖြစ်လာ တာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ယူကရိန်းအနေနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ပြောပါတယ်။

.

.

အမေရိကန်အရာရှိက အော်စလိုဆွေးနွေးပွဲမှာ ယူကရိန်းဘက်က အကြံပြုချက်နဲ့ အဆိုပြုချက် အသစ်တွေ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲမှာ နော်ဝေနဲ့ ဖင်လန်ခေါင်းဆောင်တွေ၊ ဥရောပနဲ့ နေတိုး ကိုယ်စားလှယ်တွေပါ ပါဝင်ခဲ့ပြီး ရုရှားနဲ့ ဆွေးနွေးရာမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းအပေါ် “အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှု” ရှိခဲ့တယ်လို့ ပြောပါတယ်။

.

ဆွေးနွေးပွဲမှာ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်၊ စစ်ပြီးနောက် စီးပွားရေးအစီအစဉ်နဲ့ ဥရောပရဲ့ ပိုမို ကျယ်ပြန့်တဲ့ လုံခြုံရေးစနစ်အပါအဝင် ငြိမ်းချမ်းရေးမူဘောင်ရဲ့ အဓိကအချက်တွေကို ဆွေးနွေးခဲ့တယ်လို့ အမည်မဖော်ဘဲ ပြောတဲ့ အဲဒီအရာရှိကပြောပါတယ်။ ဝစ်ကော့ဖ်အနေနဲ့ ရုရှား၊ ယူကရိန်းနဲ့ အမေရိကန် တို့ကြား သုံးနိုင်ငံဆွေးနွေးပွဲအပြင် နိုင်ငံအများအပြား ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်အောင် လမ်းဖွင့် ပေးဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။

.

ဇယ်လန်စကီးဟာ အမေရိကန်နဲ့ ဆက်ဆံရေး ပြန်ကောင်းလာဖို့ ရည်ရွယ်ပြီး အော်စလိုကို သွားခဲ့တာပါ။ အမေရိကန်က ရုရှားနဲ့ ဆက်ဆံရေးတိုးမြှင့်လာတာကြောင့် ဝါရှင်တန်နဲ့ ကိယက်ဗ်ကြား ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကို ရောက်နေပါတယ်။ ယူကရိန်းကလည်း အမေရိကန်ဘက်က အရေးကြီးတဲ့ စစ်ရေး အကူအညီနဲ့ ထောက်လှမ်းရေးအချက်အလက်တွေ ပေးပို့တာကို ကန့်သတ်ထား တယ်လို့ ပြောထားပါတယ်။

.

ဒါပေမဲ့ အော်စလိုဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဇယ်လန်စကီးက ရုရှားရဲ့ ဒုံးကျည်  တိုက်ခိုက်မှု တွေ မဖြစ်ခင် ကြိုတင်သတိပေးချက်တွေကို ယူကရိန်းဘက်က ပြန်လည်ရရှိနေပြီလို့ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့လည်း ဖုန်းပြောခဲ့ပြီး ပက်ထရီးယော့ ဒုံးကျည် ကြားဖြတ်စနစ်တွေနဲ့ စတားလင့်ခ် ဂြိုဟ်တုအင်တာနက်စနစ်အကြောင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

.

ဇယ်လန်စကီးက နေတိုးအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်ရင် အားလုံးကို တိုက်ခိုက်တာလို့ သတ်မှတ်ထားတဲ့ Article 5 နဲ့ ဆင်တူတဲ့ လုံခြုံရေးအာမခံချက်မျိုးကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ ယူကရိန်းအနေနဲ့ စစ်ပွဲအဆုံးသတ်ရေး အဓိကကိစ္စတွေကို ယူကရိန်း၊ ရုရှားနဲ့ အမေရိကန်ခေါင်းဆောင်တွေ သုံးနိုင်ငံတွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာ ဆွေးနွေးချင်တယ်လို့လည်း ထပ်ပြောပါတယ်။

.

နော်ဝေဝန်ကြီးချုပ် ယိုနက်စ် ဂါး စတိုးရဲ့က အော်စလိုဆွေးနွေးပွဲဟာ ကောင်းမွန်ပြီး အပြုသဘော ဆောင်တယ်လို့ ပြောပါတယ်။ ဖင်လန်သမ္မတ အလက်ဇန္ဒား စတပ်ဘ်ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လမ်းကြောင်းပေါ် ပြန်ရောက်လာပြီလို့ ပြောပါတယ်။

.

ဒါပေမဲ့ အမေရိကန်-ယူကရိန်း ဆက်ဆံရေး ဆိုးရွားလာချိန်မှာ ရုရှားက ယူကရိန်းမြို့တွေကို တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပါတယ်။ အထူးသဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ လောင်စာဆီ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေပါတယ်။ ထရမ့်က နှစ်ဖက်စလုံးအနေနဲ့ တစ်ဖက်ရဲ့ စွမ်းအင်စနစ်တွေကို မတိုက်ခိုက်ကြဖို့ တောင်းဆိုထားပေမယ့် ရုရှားက အနောက်ပိုင်း ယူကရိန်းကို ညအတွင်း ဒုံးကျည်နဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။

.

ယူကရိန်းကလည်း ထရမ့်ရဲ့ တောင်းဆိုချက်ကို လိုက်နာပြီး ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို တိုက်ခိုက်တာ ရက်အနည်းငယ် ရပ်ထားခဲ့ပေမယ့် ရုရှားဘက်က လိုက်နာမယ့် အရိပ်အယောင် မတွေ့တာကြောင့် ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။

.

ထရမ့်က ယူကရိန်းဘက်က ရုရှားကို တိုက်ခိုက်တာတွေကို အကြိမ်ကြိမ် ဝေဖန်ခဲ့ပေမယ့် ယူကရိန်းဘက်ကို ရုရှားက ပိုမိုပြင်းထန်စွာ တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီးတော့ ပြောဆိုမှုနည်းပါးခဲ့ပါတယ်။

.

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ယူကရိန်းနိုင်ငံ ရီနီဆိပ်ကမ်းမှာ ကုန်တင်သင်္ဘော ၃ စီးနဲ့ အိုဒက်ဆာ ကို ဦးတည်သွားနေတဲ့ ကုန်တင်သင်္ဘော ၂ စီးကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ထောက်ပံ့ ပို့ဆောင်ရေးစင်တာ ၂ ခုကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

.

ယူကရိန်းဒေသ ၇ ခုမှာ စွမ်းအင်အဆောက်အအုံတွေ တိုက်ခိုက်ခံရတာကြောင့် လျှပ်စစ်မီးပြတ် တောက်ခဲ့ပြီး အနောက်ပိုင်း လဗစ်ဒေသကိုလည်း နေ့အချိန်မှာ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ ကိယက်ဗ်မြို့မှာလည်း စွမ်းအင် အဆောက်အအုံတစ်ခုကို ရုရှားဒရုန်းတွေ တိုက်ခိုက်ခဲ့ပြီး မြို့ရဲ့ ခရိုင် ၄ ခုမှာ လျှပ်စစ်မီးပြတ်တောက်ခဲ့တယ် လို့ မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကိုက ပြောပါတယ်။

.

အမေရိကန်နဲ့ ယူကရိန်းကြား ဆက်ဆံရေး ပိုမိုဆိုးရွားလာတာဟာ ထရမ့်က ပူတင်နဲ့ သဘောတူညီမှု အရ ရုရှားဒီဇယ်အပေါ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ ရက်က စတင်ခဲ့တာပါ။ နိုဝင်ဘာ ၃ ရက် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် လောင်စာဆီဈေးမြင့်တက်မှုကြောင့် မဲဆန္ဒရှင်တွေရဲ့ မကျေနပ်မှုကို လျှော့ချဖို့ ဒီလုပ်ဆောင်ချက်က အထောက်အကူဖြစ်မယ်လို့ ထရမ့်က ပြောပါတယ်။

.

အခုသီတင်းပတ်အတွင်း စတင်ဖို့ စီစဉ်ထားတဲ့ ရုရှားအပေါ် ပိုမိုတင်းကျပ်တဲ့ ပိတ်ဆို့မှုတွေကိုလည်း ထရမ့်က သီတင်းပတ်ကုန်မှာ  ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages