.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ဆိုင်ကယ်ခိုးယူခံရမှုများ
မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ခိုးယူ ခံရသည့်ဆိုင်ကယ်
ပြန်လည်ရရှိမှုနှင့် ခိုးယူသူများကို ဖမ်းဆီးရရှိမှု မရှိသလောက် နည်းပါးကြောင်း ဒေသခံများထံက
သိရသည်။
.
.
ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်၊ နေလယ် ၂ နာရီခွဲခန့်က တောင်ကြီးမြို့၊
ကံရှေ့ရပ်ကွက်၊ အရှေ့မြို့ပတ် လမ်းပေါ်တွင်
တက္ကသိုလ်ကျောင်းသူတစ်ဦး စီးနင်းလာသည့် ဆိုင်ကယ် ခိုးယူခံရမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် ပိုင်ရှင် ကျောင်းသူမှ မိုးခိုနေစဉ် ၁၅ မိနစ်ခန့်အတွင်း ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း
သိသည်။
.
“ဆိုင်ကယ်ပျောက်တာကတော့ နေ့တိုင်းကို ဖြစ်နေတာပါပဲ။ အထူးသဖြင့်
မရှိလို့ လိုင်စင်မဲ့ ဝယ်စီးရတဲ့သူ တွေဆိုရင် ပိုဒုက္ခရောက်ရတာပေါ့။ လိုင်စင်ဘီး မတတ်နိုင်လို့
Wtihout လေး စီးပါတယ်၊ အခိုးခံရတော့လည်း လိုင်စင်မပါတော့ တိုင်လို့မရ၊ ဒီအတိုင်းပဲ
ထိုင်ကြည့်နေရတယ်” ဟု ဆိုင်ကယ်ခိုးယူခံရသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခု အောက်တိုဘာလအတွင်း ဆိုင်ကယ်ခိုးယူမှုများ နေ့စဉ်လိုလို
ကြားသိနေရပြီး လမ်းဘေးတွင် ရပ်ထား သည့် ဆိုင်ကယ်များအပြင်
နေအိမ်ခြံဝင်းအတွင်းမှ ဆိုင်ကယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဌာနဆိုင်ရာရုံးများတွင်
ရပ်တန့်ထားသည့် ဆိုင်ကယ်များလည်း ခိုးယူခံနေရခြင်းဖြစ်ကာ ပြီးခဲ့သည့် အောက်တိုဘာ
၁၇ ရက်၊ ညပိုင်းက တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာတစ်ခုတွင် ရပ်တန့်ထားသည့်
ဆိုင်ကယ်တစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
.
“အခုခေတ်မှာ အစစအရာရာ ကုန်ဈေးနှုန်း ကြီးနေတော့ ဆိုင်ကယ်တစ်စီး
ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ ခိုးမှုတွေကလည်း နေ့တိုင်းလိုလို ဖြစ်နေတော့ အားလုံး ဂရုစိုက်ကြဖို့
လိုပါတယ်” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ ဒေသခံတစ်ဦးကလည်း ၎င်း၏အမြင်ကို
ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ဆိုင်ကယ်ခိုးယူမှုများအပြင် ဆိုင်ကယ်ခိုးယူခံရသူကို
ဆက်သွယ်ကာ ငွေကြေးလိမ်လည် တောင်းခံမှုများလည်း ရှိလာနေသည့်အတွက် သတိပြုရန် လိုအပ်နေသည်ဟု
ဒေသခံများက ပြောဆိုကြ သည်။
.
“ဆိုင်ကယ် အခိုးခံရတဲ့သူက သူ့ဆိုင်ကယ်ကို တွေ့ရင် ဆက်သွယ်ပါ
ဆိုပြီး ဖုန်းနံပါတ် တင်ထားတယ်။ လူလိမ် ကျားဖြန့်တွေက အဲဒီနံပါတ်ကို ဆက်သွယ်ပြီး ဆိုင်ကယ်ကိုတွေ့ထားပါပြီ။
ငွေဘယ်လောက် လွှဲပေးပါ ဆိုတာမျိုးတွေလည်း ရှိလာတယ်။ အဲဒါတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်”
ဟု အခြား ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ဆိုင်ကယ်ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက်
ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် မိမိတို့၏ ဆိုင်ကယ်များကို လုံခြုံသည့်နေရာတွင်
ရပ်နား၍ ဇက်သော့ သေချာစွာ ခတ်ထားရန်နှင့် ဂရုပြု နေထိုင်ရန် လိုအပ်နေကြောင်း ဒေသခံများအကြား
သတိပေးမှုများ ရှိနေသည်။
.

No comments:
Post a Comment