.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်
.
ထရမ့်အစိုးရဟာ ဒုတိယသက်တမ်းအတွင်း အမေရိကန်ဗီဇာ ၃ သိန်းကျော်
ရုပ်သိမ်းခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။
အမေရိကန်အစိုးရက လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ အရေးယူမှုတွေ
ဆက်လုပ်နေချိန်မှာ ဗီဇာရုပ်သိမ်းတဲ့ အရှိန်လည်း ပြီးခဲ့တဲ့ အပတ် ကထက် ပိုမြန်လာပါတယ်။
.
.
နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၀ ရက်မှာ
ထုတ်ပြန်ခဲ့တဲ့ အချက်အလက်အရ ထရမ့်ရဲ့ လက်ရှိ သက်တမ်း ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ
စတင်ကတည်းက ဗီဇာ ၁၇၅,၀၀၀ ကျော် ရုပ်သိမ်းထားတယ်လို့ ဆိုထားပါတယ်။
.
ထရမ့်ကတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားသားတွေကို
ပြန်ပို့တဲ့ လုပ်ငန်းစဉ်တွေဟာ ပြည်တွင်း လုံခြုံရေး ပိုကောင်းလာဖို့ ရည်ရွယ်တာလို့
ပြောပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေက ဒီအရေးယူမှု တွေဟာ တရားမျှတတဲ့ လုပ်ငန်းစဉ်နဲ့
လွတ်လပ်စွာပြောဆိုခွင့်တွေကို ချိုးဖောက်နေပြီး အထူးသဖြင့် လူမျိုးစုနည်းပါး သူတွေကြား
မလုံခြုံတဲ့ အခြေအနေ ဖြစ်စေတယ်လို့ ဝေဖန်ပါတယ်။
.
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တော်မီ
ပီဂေါ့က X မှာ ထုတ်ပြန်ရာမှာ ထရမ့်အစိုးရဟာ အမေရိကန်သမိုင်းတစ်လျှောက်
ဘယ်အစိုးရထက်မဆို ဗီဇာတွေကို ပိုများပြီး ပိုမြန်တဲ့နှုန်းနဲ့ ရုပ်သိမ်းနေ တယ်လို့
ပြောပါတယ်။ ဗီဇာနဲ့ အမေရိကန်မှာ ရှိနေသူတွေက ဥပဒေချိုးဖောက်တာ၊ လိမ်လည်တာ
ဒါမှမဟုတ် အမျိုးသားလုံခြုံရေးကို ထိခိုက်စေတာတွေရှိရင် လုံးဝသည်းခံမှာ
မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
.
လူ့အခွင့်အရေးအဖွဲ့တွေက အထူးဝေဖန်ထားတဲ့
ဗီဇာရုပ်သိမ်းမှုတွေထဲမှာ အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးရဲ့ ဂါဇာတိုက်ခိုက်မှုတွေကို
ဆန့်ကျင်ဆန္ဒပြတဲ့ ပါလက်စတိုင်းလိုလားသူ နိုင်ငံခြားသားတွေ၊ ရှေးရိုးစွဲ ဝါဒီ
သုံးသပ်သူ ချာလီ ကာ့ခ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ
မှတ်ချက်ပေးခဲ့တဲ့ နိုင်ငံခြားသားတွေရဲ့ ဗီဇာတွေ ပါဝင်ပါတယ်။
.
ဒါ့အပြင် ထရမ့်အစိုးရဟာ နိုင်ငံခြားသား ဆန္ဒပြသူတွေကို
ပြန်ပို့ဖို့ ကြိုးပမ်းနေသလို ရွှေ့ပြောင်း နေထိုင်သူ တွေနဲ့
ဗီဇာလျှောက်ထားသူတွေရဲ့ ဆိုရှယ်မီဒီယာ အသုံးပြုမှုတွေကိုလည်း ပိုမိုတင်းကျပ်စွာ
စစ်ဆေး နေပါတယ်။
.
လူ့အခွင့်အရေးအဖွဲ့တွေကတော့ အစိုးရဟာ
အမျိုးသားလုံခြုံရေးဆိုတဲ့ အကြောင်းပြချက်ကို အသုံးပြုပြီး ဝေဖန်သူတွေကို
ပစ်မှတ်ထားနေသလို လိမ်လည်မှုဖြစ်ရပ်တချို့ကို အခြေခံပြီး ရွှေ့ပြောင်းနေထိုင်သူ
အသိုင်း အဝိုင်းတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ပစ်မှတ်ထားနေတယ်လို့ ဝေဖန်ပါတယ်။
.
ထရမ့်ဟာ ၂၀၂၄ ရွေးကောက်ပွဲ မဲဆွယ်စဉ်က တရားမဝင်
လူဝင်မှုကြီးကြပ်ရေးကို ရပ်တန့်မယ်လို့ ကတိပြုခဲ့ပေမယ့် သူ့အစိုးရလက်ထက်မှာ
တရားဝင် လူဝင်မှုကြီးကြပ်ရေးလည်း ပိုမိုခက်ခဲလာပြီး အချို့အလုပ်ဗီဇာတွေအတွက်
ကုန်ကျစရိတ်မြင့်မားတဲ့ အခကြေးငွေတွေ သတ်မှတ်တာမျိုး လုပ်ဆောင်ထားပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment