တန်ဆောင်တိုင်အတွက် ပြိုင်ပွဲဝင်သီချင်းများ ပဏာမ ရွေးချယ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, October 21, 2026

တန်ဆောင်တိုင်အတွက် ပြိုင်ပွဲဝင်သီချင်းများ ပဏာမ ရွေးချယ်

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်

.

၂၀၂၆ ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် တေးသီချင်းပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင် ထားသည့် တေးသီချင်းများအား ပဏာမ စိစစ်ရွေးချယ်ခြင်းကို ယနေ့ အောက်တိုဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့, လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် တေးသီချင်းပြိုင်ပွဲအတွက် ဝင်ရောက်ဉ်ပြိုင်ရန် မြန်မာနိုင်ငံတစ်ဝန်းလုံး သို့ ကြိုတင်ဖိတ်ခေါ် ခဲ့ရာ တောင်ကြီးမြို့အပါအဝင် အနယ်နယ်အရပ်မှ တေးသံရှင်၊ ဝါသနာရှင်၊ ပညာရှင် ၁၇ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် ပေးပို့ထားပြီး ယနေ့ အောက်တိုဘာ ၂၁ ရက်တွင် ပဏာမ စိစစ်ရွေးချယ်ခြင်း ဖြစ်ကာ အောက်တိုဘာ ၂၂ ရက်တွင် အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

“ဒိုင်အဖွဲ့က သီချင်းတွေ ကြိုတင်နားထောင်တာပါ။၂ ကြိမ်၊ ၃ ကြိမ်လောက် နားထောင်ပြီး မနက်ဖြန် (အောက်တိုဘာ ၂၂ ရက်) မှာ အမှတ်ပေးပြီး အတည်ပြု ရွေးချယ်တာ လုပ်ပါမယ်။ အမှတ် အနည်းအများ တော့ ထွက်လာမှာပေါ့။ ဆု အတည်ပြုကြေညာဖို့ကတော့ ရှမ်းအစိုးရရဲ့ အတည်ပြုချက် ယူရဦးမှာပါ” ဟု ပွဲတော် ကျင်းပရေး ပြန်ကြားရေး၊ မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ပြပွဲပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ပြိုင်ပွဲတွင် ဆုရရှိသည့် တေးသံရှင်သည် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲတွင် တေးသီချင်းကို ကိုယ်တိုင် သီဆိုနိုင်ရမည်ဖြစ်ပြီး ဆုရ တေးသီချင်းကို ဖွင့်ပွဲတွင် နှစ်ကျော့ ပြန်လည်သီဆိုပေးရမည် ဖြစ်ကြောင်း သိရသည်။

.

တေးသီချင်းပြိုင်ပွဲတွင် ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ပထမဆု ကို ကျပ်သိန်း ၃၀ မှ သိန်း ၅၀ ကြား ချီးမြှင့်မည်ဖြစ်ကာ ကျန်ဆုများလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်အတွင်းရှိ မျိုးဆက်သစ်အဆိုတော်များ ပေါ်ထွက်လာစေရန်၊ သီချင်းရေးစပ်မှုအတတ်ပညာ တိုးတက်လာစေရန်နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့များကို နားလည်သိရှိပြီး သီချင်းများတွင် ထည့်သွင်းဖော်ပြနိုင်စေရန် ရည်ရွယ်၍ တေးသီချင်းပြိုင်ပွဲ ကျင်းပခြင်းဖြစ်ဖြစ်ကြောင်း သိရသည်။

.

တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ တေးသီချင်း ပြိုင်ပွဲများကို ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များအတွက် ပြုလုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ စတင်၍ COVID-19 ကပ်ရောဂါ ကူးစက်မှုနှင့် အခြေအနေ အရပ်ရပ်ကြောင့် တေးသီချင်းပြိုင်ပွဲ ပြုလုပ်နိုင်ခြင်း မရှိခဲ့ဘဲ ယခုနှစ်တွင် ပြန်လည်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင်မူ သက်ဆိုင်ရာ ကော်မတီ တာဝန်ရှိသူများက ရေးစပ်ထားသည့် “လှမ်းခဲ့တော့လေ ချယ်ရီမြေ” တေးသီချင်းကို ဖွင့်ပွဲတေးသီချင်းအဖြစ် အသုံးပြု ဖျော်ဖြေခဲ့ကြောင်း သိရသည်။

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် တေးသီချင်းပြိုင်ပွဲ ပြန်လည်ပါဝင်လာသော်လည်း ဓါတ်ပုံပြိုင်ပွဲနှင့် စာပေဆိုင်ရာ ပြိုင်ပွဲများကို ယခုနှစ်တွင် ထည့်သွင်းကျင်းပနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

.

No comments:

Post a Comment

Pages