တောင်ကြီး မြို့မဈေးတောင်ဘက်ရှိ အထပ်မြင့်ကားပါကင်စီမံကိန်း ပန္နက်တင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, October 3, 2026

တောင်ကြီး မြို့မဈေးတောင်ဘက်ရှိ အထပ်မြင့်ကားပါကင်စီမံကိန်း ပန္နက်တင်

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့မဈေး တောင်ဘက်၊ တပင်ရွှေထီးလမ်းပေါ်တွင် တည်ဆောက်မည့် အထပ်မြင့် ကားပါကင် စီမံကိန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ အောက်တိုဘာလ ၃ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အထပ်မြင့် ယာဉ်ရပ်နားစခန်း (Multi-Storey Parking Garage) ပန္နက်တင်မင်္ဂလာ အခမ်းအနား မုခ်ဦးကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ စိုင်းလုံကျော်၊ ပြည်နယ် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး သတ်မှတ် မင်္ဂလာပန္နက်နေရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မင်္ဂလာပန္နက်တိုင်များ စိုက်ထူပေးခဲ့ကြောင်း သိရသည်။

.

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

.

အဆိုပါ အထပ်မြင့်ယာဉ်ရပ်နားစခန်း စီမံကိန်းသည် တောင်ကြီးမြို့၏ ယာဉ်ရပ်နားရန်နေရာ လိုအပ်ချက် များကို ဖြေရှင်းနိုင်ရန်နှင့် မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ယာဉ်ရပ်နားစခန်း တည်ဆောက်ပြီးစီးပါက ယာဉ်များ စနစ်တကျ ရပ်နားနိုင်ရေးအတွက် အထောက်အကူပြုနိုင်မည့်အပြင် တောင်ကြီးမြို့လယ်ရှိ ယာဉ်ရပ်နားမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

.

ယာဉ်ရပ်နားစခန်း အဆောက်အဦ ဆောက်လုပ်နိုင်ရေးအတွက် ပြီးခဲ့သည့် မေလ ၃၁ ရက်က ‌တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့အကြား နှစ်ပေါင်း ၇၀ သက်တမ်းရှိ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်း သဘောတူ စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ အဆောက်အဦတွင် ကားစီးရေ ၄၂၁ စီး ရပ်နားနိုင်သည့် အဆင့်မြင့်ကားပါကင် ၅ ထပ်၊ ဈေး ၂ ထပ်နှင့် မြေအောက်ထပ် အဆင့်မြင့် စားသောက်ခန်းတို့ ပါဝင်မည် ဖြစ်ပြီး City Square ဈေးဝယ်စင်တာ သို့ ဆက်သွယ်သည့် လူကူး ခုံးကျော်တံတား ၂ စင်းနှင့် မြေအောက် ဥမင်ကားလမ်းတို့ ပါဝင်မည် ဖြစ်ကာ ရင်းနှီး မြှုပ်နှံငွေ ကျပ်သန်းပေါင်း ၃၇၃၁၉ ဖြင့် သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီမံကိန်း အချက်အလက်များအရ သိရသည်။

.

ယင်းကဲ့သို့ အထပ်မြင့် ကားပါကင် ဆောက်လုပ်နိုင်ရန်အတွက် ယင်း တပင်ရွှေထီးလမ်းပေါ်ရှိ ညဈေးတန်းကို ပြီးခဲ့သည့် မေလ ၁၆ ရက်က မြို့မဈေး မြောက်ဘက်၊ ကုန်သည်လမ်းပေါ်သို့ ပြောင်းရွှေ့ နေရာ ချထားပေးခဲ့ပြီး နာရီစင်ကို ဇူလိုင်လ ၂၁ ရက်၊ ညပိုင်းက ဖြိုချ ဖျက်သိမ်းခဲ့သည်။

.

အဆောက်အဦ တည်ဆောက်ရေးကာလအား ညဈေးတန်း ရွှေ့ပြောင်းပြီးသည့် နေ့မှ စတင်၍ ၄ နှစ်ထိဟု သတ်မှတ်ထားကြောင်း သိရပြီး အကြောင်း အမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်း ပြီးမြောက်မှု မရှိခြင်း စာချုပ်ပါ အချက်အလက်များနှင့် ကွဲလွဲမှုများ ရှိလာပါက မည်ကဲ့သို့ ဖြေရှင်းမည်ကိုမူ မသိရသေးပေ။

.


“တောင်ကြီးမြို့မှာ ကားပါကင်က တကယ်ကို လိုအပ်နေတာပါ။ အဲဒါကို ဖြည့်ဆည်းဖို့အတွက် အခုလို အကောင်အထည် ဖော်တာက ကောင်းတာမို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီနေရာက လမ်းမြေ၊ ပြီးတော့ မြို့လယ်တည့်တည့်က တန်ဖိုး မဖြတ်နိုင်လောက်အောင်ကို တန်ဖိုးရှိတဲ့ နေရာ ဖြစ်တယ်၊ အဲဒါကို သန်း ၁၀၀၀ ကို အရစ်ကျနဲ့ ယူတယ်။ ရင်းနှီးမြှပ်နှံမှုနဲ့ ရရှိမယ့် အကျိုးအမြတ်က နှိုင်းယှဉ်လိုက်ရင် တော်တော်လေး ကွာဟနေပါတယ်” တောင်ကြီးမြို့နေ ဒေသခံ တစ်ဦးက ဝေဖန်ထောက်ပြ ပြောဆိုထားသည်။

.

အဆောက်အဦ တည်ဆောက်မှုအတွက် စည်ပင်သာယာရေးဌာနမှ မြေငှားရမ်းခအဖြစ် ငွေကျပ် ၁၇၉ သိန်းကျော်နှင့် ကိုယ်ပိုင်ဈေးအား လိုင်စင်ခ စည်းကြပ်ကောက်ခံခွင့် နှစ်စဉ် ရရှိမည် ဖြစ်ပြီး၊  ယာဉ်ရပ်နားခ၏ ၁၀ ရာခိုင်နှုန်းကိုသာ ရရှိမည် ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ငွေကျပ်သန်း ၁၀၀၀ အား အရစ်ကျ စနစ်ဖြင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages