ဟူသီများကို ထိုးစစ်ဆင်ရန် ဆော်ဒီ စီစဉ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, October 3, 2026

ဟူသီများကို ထိုးစစ်ဆင်ရန် ဆော်ဒီ စီစဉ်

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်

.

ဆော်ဒီအာရေဗျဟာ ယီမင်နိုင်ငံမှာ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီလက်နက်ကိုင် အဖွဲ့တွေ ကို ထိုးစစ်ဆင်ဖို့ စီစဉ်နေပြီး ပင်လယ်နီရေကြောင်းလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကမ်းရိုးတန်း တစ်လျှောက် ထိုးစစ်ဆင်တာ ဒါမှမဟုတ် ယီမင်နိုင်ငံရဲ့ နေရာအများအပြားမှာ တစ်ပြိုင်နက် တိုက်ခိုက်တာ တွေကို စဉ်းစားနေတယ်လို့ ဒေသတွင်းနဲ့ အနောက်နိုင်ငံအရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

.

.

လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း စတင်ဖို့ မျှော်မှန်းထားတဲ့ စစ်ဆင်ရေးကို ဆော်ဒီအာရေဗျ က ကြီးကြပ်နေတဲ့ ယီမင်တပ်ဖွဲ့တွေက မြေပြင်မှာ ဦးဆောင်မှာဖြစ်ပြီး ဆော်ဒီလေတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေလည်း ပံ့ပိုးပေးသွားမယ်လို့ ပြင်ဆင်မှုတွေနဲ့ နီးစပ်သူ ၆ ဦးက ပြောပါတယ်။

.

အမေရိကန်ဟာ ယီမင်မှာ ဆော်ဒီရဲ့ စစ်ဆင်ရေးတွေကို ကူညီဖို့ ထောက်လှမ်းရေးအချက်အလက်တွေ ပေး နေပြီး ဒေသတွင်းနဲ့ ဥရောပနိုင်ငံတချို့ကလည်း ဆော်ဒီကို အဓိကအားဖြင့် ကာကွယ်ရေးဆိုင်ရာ စစ်ရေး အကူအညီတွေ ပေးနေပါတယ်။ ဒါပေမဲ့ ဆော်ဒီရဲ့ မဟာမိတ်တွေဟာ တိုက်ခိုက်ရေး စစ်ဆင်ရေးတွေမှာ တိုက်ရိုက်ပါဝင်ဖို့ မရှိဘူးလို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

.

ဆော်ဒီအာရေဗျဟာ မြို့တော် ဆာနာကနေ ဟူသီတွေ မောင်းထုတ်ခဲ့တဲ့ နိုင်ငံတကာက အသိအမှတ်ပြု ထားတဲ့ ယီမင်အစိုးရကို ထောက်ခံဖို့ ၂၀၁၅ ခုနှစ်မှာ အာရပ်နိုင်ငံတွေရဲ့ မဟာမိတ်တပ်ပေါင်းစုကို ဦးဆောင် ပြီး အိမ်နီးချင်း ယီမင်နိုင်ငံရဲ့ ပြည်တွင်းစစ်ထဲ ဝင်ရောက်ခဲ့ပါတယ်။

.

တိုက်ပွဲဝင်နေတဲ့ နှစ်ဖက်အကြား ၂၀၂၂ ခုနှစ်မှာ သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဒီနှစ်အထိ တည်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အီရန်စစ်ပွဲကနေ ပဋိပက္ခတွေ ကူးစက်လာတဲ့အချိန်မှာ ဟူသီတွေက ဆော်ဒီရဲ့ သင်္ဘောတွေနဲ့ ရေနံအခြေခံအဆောက်အအုံတွေကို ဒုံးကျည်နဲ့ ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။

.

ဆော်ဒီရဲ့ အခုစီစဉ်ထားတဲ့ ထိုးစစ်ရဲ့ အဓိကရည်ရွယ်ချက်တစ်ခု ကတော့ ပြီးခဲ့တဲ့လမှာ ဟူသီတွေက ကမ်းရိုးတန်းတစ်လျှောက် ထိုးဆင်းလာပြီး ဘတ်အယ်လ်မန်ဒက် ရေလက်ကြားကို ထိန်းချုပ်ခဲ့တာကြောင့် ရရှိသွားတဲ့ နယ်မြေအသာစီးကို ပြန်လည်ရယူဖို့ ဖြစ်တယ်လို့ အစီအစဉ်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အဲဒီသတင်းရင်းမြစ်တွေထဲမှာ ပင်လယ်ကွေ့ဒေသနဲ့ ယီမင်အရာရှိတွေ၊ အနောက်နိုင်ငံသံတမန်တွေလည်း ပါဝင်ပါတယ်။

.

ဆော်ဒီဟာ ထိုးစစ်အတွက် ရွေးချယ်စရာ နှစ်ခုကို စဉ်းစားနေတယ်လို့ ပင်လယ်ကွေ့ဒေသနဲ့ ယီမင်အရာရှိ တွေက ပြောပါတယ်။ ပထမတစ်ခုက ဘတ်အယ်လ်မန်ဒက် ရေလက်ကြားတစ်ဝိုက်ကိုပဲ အဓိကထား တိုက်ခိုက်တာဖြစ်ပြီး ဒုတိယတစ်ခုကတော့ အယ်လ်ဘိုင်ဒါ၊ မာရစ်ဘ်၊ တအစ်ဇ်နဲ့ အယ်လ်ဂျော်ဖ် ပြည်နယ် တွေမှာပါ တစ်ပြိုင်နက် ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။

.

စစ်ဆင်ရေးအကျယ်အဝန်းပေါ် မူတည်ပြီး ယီမင်တပ်ဖွဲ့ဝင် ၁ သိန်းကျော်အထိ စုဆောင်းအသုံးပြု နိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။

.

ဆော်ဒီနဲ့ ယီမင်အစိုးရတွေ၊ ဟူသီအဖွဲ့နဲ့ အမေရိကန်စစ်တပ်တို့ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို ဆော်ဒီရဲ့ စစ်ဆင်ရေးအစီအစဉ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ချက်ချင်း တုံ့ပြန်တာ မရှိသေးပါဘူး။

.

ဘတ်အယ်လ်မန်ဒက် ရေလက်ကြားဟာ ပင်လယ်နီရဲ့ တောင်ဘက်ထွက်ပေါက်ဖြစ်ပြီး မြေထဲပင်လယ် နဲ့ အာရှအကြား အရေးပါတဲ့ သင်္ဘောသွားလာရေးလမ်းကြောင်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားကို ထိရောက်စွာ ပိတ်ထားရတဲ့အတွက် ဘတ်အယ်လ်မန် ဒက် ရေလက်ကြားရဲ့ အရေးပါမှုက ပိုတိုးလာပါတယ်။ အဲဒီရေလမ်းကြောင်းကို ဟော်မုဇ်ရေလက်ကြား အစား အသုံးပြုနိုင်တဲ့ လမ်းကြောင်းတစ်ခုအဖြစ် ရှုမြင်ထားကြပါတယ်။

.

ဟူသီတွေက ဘတ်အယ်လ်မန်ဒက် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားသရွေ့ သူတို့မှာ ကမ္ဘာ့အဆင့် သြဇာလွှမ်းမိုးနိုင်စွမ်း ရှိနေမှာဖြစ်တဲ့အတွက် သူတို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအသစ်တွေ စတင်လို့ မရနိုင်ဘူး လို့ ရီယာ့ဒ်မြို့က သုံးသပ်ထားကြောင်း အနောက်နိုင်ငံသံတမန်တွေနဲ့ ပင်လယ်ကွေ့ဒေသအရာရှိတစ်ဦးက ပြောပါတယ်။

.

ဆော်ဒီရဲ့ စစ်ဆင်ရေးကို ဘယ်အချိန်မှာ စတင်မယ်ဆိုတာနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေကို သိရှိထားတဲ့ လူ ၆ ဦးက တိတိကျကျ မပြောနိုင်ခဲ့ပါဘူး။ သူတို့ရဲ့ ခန့်မှန်းချက်တွေကတော့ တစ်ပတ်အတွင်း စတင်နိုင်တယ် ဆိုတာကနေ နိုဝင်ဘာလဆန်းပိုင်း အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲပြီးမှ စတင်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

.

ဆော်ဒီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မိုက်ကယ် ရက်နီကတော့ ဆော်ဒီရဲ့ ထိုးစစ်ဟာ သတ်မှတ် ထားတဲ့ နေရာတစ်ခုကိုပဲ အဓိကထားပြီး ၂၀၁၅ ခုနှစ်က ဟူသီတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ဆော်ဒီဦးဆောင် ခဲ့တဲ့ စစ်ဆင်ရေးထက် အတိုင်းအတာ ပိုသေးငယ်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

.

“ဟူသီတွေကို လုံးဝအနိုင်ယူချင်တဲ့ ဆန္ဒရှိပေမဲ့ ဘတ်အယ်လ်မန်ဒက်တစ်လျှောက်က နယ်မြေတွေကို ဟူသီတွေ မထိန်းချုပ်ခင်က အခြေအနေကိုလည်း ပြန်ရောက်ဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။

.

“အကောင်းဆုံးကတော့ ကမ်းရိုးတန်းဒေသတွေကို ပြန်လည်ရယူပြီး ပုံမှန်ရေကြောင်းသွားလာမှု ပြန်ဖြစ် လာအောင် အကန့်အသတ်ရှိတဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်သင့်ပါတယ်” လို့လည်း သူက ဆိုပါတယ်။

.

လွန်ခဲ့တဲ့ ၃ နှစ်အတွင်း လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ စစ်ရေးစွမ်းရည်တွေ အားနည်းသွား ပြီးနောက် ဟူသီတွေဟာ အရှေ့အလယ်ပိုင်းဒေသမှာ အီရန်ရဲ့ သြဇာအရှိဆုံး မဟာမိတ်အဖွဲ့ ဖြစ်လာပါတယ်။

.

ဆော်ဒီက ဦးဆောင်တဲ့ ဟူသီဆန့်ကျင်ရေး ထိုးစစ်တစ်ခု ဖြစ်လာမယ်ဆိုရင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်ဦးဆောင်တဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေနဲ့ အဲဒီနောက်ပိုင်း အမေရိကန်နဲ့ အစ္စရေး တို့ရဲ့ အီရန်အပေါ် စစ်ပွဲကြောင့် ပဋိပက္ခတွေ ဖုံးလွှမ်းနေတဲ့ ဒေသမှာ တင်းမာမှုအသစ်တစ်ခု ပေါ်ပေါက် လာမှာ ဖြစ်ပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages