.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်
.
တောင်ကြီးမြို့တော်
တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ တေးသီချင်းပြိုင်ပွဲအတွက် ဝင်ရောက် ယှဉ်ပြိုင်
သည့် တေးသီချင်း စုစုပေါင်း ၁၇ ပုဒ် ရရှိထားကြောင်း ပွဲတော်ကျင်းပရေး ပြန်ကြားရေး၊
မှတ်တမ်းတင်ရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ပြပွဲပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ
ထံက သိရသည်။
.
.
တေးသီချင်းပြိုင်ပွဲအတွက် မြို့တော်တောင်ကြီး အပါအဝင် မြန်မာနိုင်ငံ
အနယ်နယ်အရပ်ရပ်မှ တေးရေး၊ တေးဆို ပညာရှင်များ၊ ဝါသနာရှင်များကို ဖိတ်ခေါ်ယှဉ်ပြိုင်ခဲ့ရာ
ယမန်နေ့ အောက်တိုဘာ ၁၉ ရက်၊ ညပိုင်း အထိ ပြိုင်ပွဲဝင်တေးသီချင်း ၁၇ ပုဒ် ရရှိထားပြီးဖြစ်ကြောင်း
ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
ပြိုင်ပွဲတွင်
တောင်ကြီးအပြင် ရန်ကုန်၊ မန္တလေး၊ ပင်းတယ၊ ကလော၊ အောင်ပန်းနှင့် အခြားဒေသများမှ အဆိုပညာရှင်များ၊
ဝါသနာရှင်များ ဝင်ရောက်ယှဉ်ပြိုင်ထားကြခြင်းဖြစ်ကြောင်း သိရသည်။
.
တေးသီချင်း ရွေးချယ်မှုကို အောက်တိုဘာ ၂၂ တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့်
သီချင်းများကို အကအဖွဲ့ထံ ပေးအပ်သွားမည်ဖြစ်ကာ အကအဖွဲ့အနေဖြင့်
တန်ဆောင်တိုင်ပွဲတော်မတိုင်မီ တစ်လခန့် လေ့ကျင့်ပြင်ဆင်ရန်
အချိန်ရရှိမည်ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ရွေးချယ်ခံရသည့် သီချင်းကို တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲတွင်
အကအဖွဲ့နှင့်အတူ ပြန်လည်ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်သည်။
.
ရှမ်းပြည်နယ်အတွင်းရှိ မျိုးဆက်သစ်အဆိုတော်များ
ပေါ်ထွက်လာစေရန်၊ သီချင်းရေးစပ်မှုအတတ်ပညာ တိုးတက်လာစေရန်နှင့်
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့များကို နားလည်သိရှိပြီး သီချင်းများတွင်
ထည့်သွင်းဖော်ပြနိုင်စေရန် ရည်ရွယ်၍ တေးသီချင်းပြိုင်ပွဲ ကျင်းပခြင်းဖြစ်ပြီး
ရွေးချယ်ခံရသည့် အဆိုရှင်ကို ထိုက်တန်သည့် ချီးမြှင့်ငွေများ
ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ယခင်က တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ တေးသီချင်း
ပြိုင်ပွဲများကို ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များအတွက် ပြုလုပ်ခဲ့ပြီး
၂၀၂၀ ပြည့်နှစ်မှ စတင်၍ COVID-19 ကပ်ရောဂါ ကူးစက်မှုနှင့် အခြေအနေ
အရပ်ရပ်ကြောင့် တေးသီချင်းပြိုင်ပွဲ ပြုလုပ်နိုင်ခြင်း မရှိခဲ့ဘဲ ယခုနှစ်တွင်
ပြန်လည်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင်မူ သက်ဆိုင်ရာ ကော်မတီ
တာဝန်ရှိသူများက ရေးစပ်ထားသည့် “လှမ်းခဲ့တော့လေ ချယ်ရီမြေ” တေးသီချင်းကို
ဖွင့်ပွဲတေးသီချင်းအဖြစ် အသုံးပြု ဖျော်ဖြေခဲ့ကြောင်း သိရသည်။
.

No comments:
Post a Comment