.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် အောက်တိုဘာလ
၁၆ ရက်၊ ညနေပိုင်းက ငွေကျပ် ၂ ဘီလီယံ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ
၁၆ ရက်၊ ညနေ ၆ နာရီခန့်က နောင်ချိုမြို့နယ်၊ သာစည်ကျေးရွာအနီတွင်
မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ကွတ်ခိုင်မှ ရန်ကုန်သို့ သန်းထွန်းအောင်
မောင်းနှင်ပြီး အေးမင်းထွေး လိုက်ပါလာသည့် MITSUBISHI FUSO အမျိုးအစား
မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
.
ထိုသို့ ရှာဖွေရာတွင် ယာဉ်ပေါ် သိုဝှက်သယ်ဆောင်လာသည့်
စိတ်ကြွဆေးပြား ၄၅ ဒသမ ၇ သိန်း၊ ဒေသ ကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂၈၅ ဘီလီယံအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား
သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ လီဆာ (ခ) ယောလှ (ခ) ရှမ်းလေး အား အောက်တိုဘာလ
၁၈ ရက်၊ နံနက်ပိုင်းက မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်တွင် မော်တော်ယာဉ်တစ်စီး၊ မြန်မာငွေကျပ်
သိန်း ၁၉၀ တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
သန်းထွန်းအောင်၊ အေးမင်းထွေးနှင့် လီဆာ (ခ) ယောလှ (ခ) ရှမ်းလေး တို့ ၃ ဦးအား နောင်ချိုမြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး
ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်ကလည်း နောင်ချိုမြို့နယ်တွင်ပင်
ငွေကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။
.

No comments:
Post a Comment