.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်
.
မြို့နယ်စည်ပင်သာယာရေးဌာနမှ ကောက်ခံလျက်ရှိသည့်
မြို့ဝင်ဘီးခွန်များကို ရုတ်တရက် တိုးမြှင့်ကောက်ခံ လိုက်သည့်အတွက် ယာဉ်ပိုင်ရှင်များ
အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။
.
.
တောင်ကြီးမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာနရုံးတွင် မော်တော်ယာဉ်သက်တမ်းတိုး ဆောင်ရွက်ရာ၌ စည်ပင်
ဘီးခွန်များကိုပါ တစ်ပါတည်း ကောက်ခံနေခြင်းဖြစ်ပြီး ယခုကဲ့သို့ ဘီးခွန်ကြေး
ရုတ်တရက် တိုးမြှင့်လိုက်သည့်အတွက် အခက်အခဲ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း သိရသည်။
.
“၂ နှစ်စာကို အရင်က ၂ သောင်းကျော်ပဲ ကျတာ အခုက
အိမ်စီးကားကို ၁၇၀၀၀၀ ကျတယ်။ အင်ဂျင်ပါဝါကို မူတည်ပြီး ကောက်တာပါ။ ကညန
သက်တမ်းတိုးခထက် စည်ပင်ဘီးခွန်က ပိုများနေတယ်။ အရင်က အဲဒီလောက် မများဘူး။
တချို့ဆိုရင် မသိတော့ ပိုက်ဆံမလောက်လို့ ဒုက္ခတွေ ရောက်နေတယ်” ဟု ကညန ရုံးတွင်
မော်တော်ယာဉ်လိုင်စင် သက်တမ်းတိုး သွားရောက်ဆောင်ရွက်ခဲ့သည့် ယာဉ်ပိုင်ရှင် တစ်ဦးက
ပြောသည်။
.
စည်ပင်သာယာရေးဌာနမှ ကညနရုံးအနီး သံလမ်းဘေးတွင်
ဂိတ်တဲဖွင့်လှစ်ကာ လိုင်စင်သက်တမ်းတိုး လာရောက်ဆောင်ရွက်သည့် ယာဉ်များကို ဘီးခွန်
တစ်ပါတည်း ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။
.
“လုပ်ငန်းသုံး နံပါတ်အနီကားတွေကို တစ်နှစ်စာ၊ နံပါတ်အနက်
အိမ်စီးကားတွေကို ၂ နှစ်စာ ကောက်ပါ တယ်။ ရုတ်တရက် အဆပေါင်းများစွာ ဈေးတက်သွားတော့
ယာဉ်ပိုင်ရှင်တွေ ဒုက္ခရောက်တာပေါ့” ဟု ယာဉ်မောင်း တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ထို့အတူ ဆိုင်ကယ် တစ်စီးလျှင် ၂ နှစ်စာအတွက် ဘီးခွန်
၉၀၀၀ ကျပ် ပေးဆောင်နေရသည်ဟု သိရသည်။
.
“အရင်တုန်းကတော့ ဆိုင်ကယ်တွေက
ဘီးခွန်ဆောင်စရာမလိုသလို ဂိတ်ဖြတ်တဲ့အခါမှာလည်း ပေးစရာ မလိုပါဘူး။ ဆိုင်ကယ်တွေအတွက်တော့
သိပ်မများဘူး ဆိုပေမဲ့ ကားက သိန်းဂဏန်းဆိုတော့ အခက်အခဲ ဖြစ်တာပေါ့” ဟု
ဒေသခံတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်
စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးက “ဘီးခွန် နှုန်းထားတွေကို အရင် နှစ်ပေါင်းများစွာကတည်းက
သတ်မှတ်ထားတဲ့ နှုန်းထားတွေအတိုင်း ကောက်ခံ လာခဲ့ရာကနေ နှုန်းထားပြောင်းလဲကောက်ခံဖို့
တင်ပြပြီး ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်အရ အောက်တိုဘာ ၁၉ ရက်မှာ စပြီး
တိုးမြှင့်ကောက်ခံတာ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ယခင်က ဘီးခွန်ကို ယာဉ်တန်ချိန်အလိုက် ကောက်ခံခဲ့သော်လည်း
ယခုအခါ အင်ဂျင်ပါဝါအလိုက် သတ်မှတ်ကောက်ခံနေခြင်းဖြစ်ပြီး ကောက်ခံရရှိငွေများကို
မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း
၎င်းထံက သိရသည်။
.

No comments:
Post a Comment