.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်ရှိ အဓိက လမ်းမကြီး
၃ ခုဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အရှေ့မြို့ပတ်လမ်းနှင့် အနောက်မြို့ပတ်လမ်းတို့တွင်
လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်များ စိုက်ထူ ထပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
တောင်ကြီးဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ တောင်ကြီးမြို့သို့
လာရောက်လည်ပတ်သည့် ဧည့်သည် များ သွားလာလည်ပတ်မှုနှင့် လမ်းကြောင်းရှာဖွေရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက်
လမ်းညွှန် ဆိုင်းဘုတ် ၁၉၂ ခု တပ်ဆင်သွားမည်ဖြစ်ပြီး စည်ပင်သာယာရေးဌာန ဘဏ္ဍာရန်ပုံငွေမှ
ကျပ် ၄၈ သန်း အကုန်အကျခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန
ထံက သိရသည်။
.
လမ်းညွှန်ဆိုင်းဘုတ်များ၏ အပေါ်တွင် တောင်ကြီးမြို့၏ အထင်ကရ
အမှတ်သင်္ကေတဖြစ်သော မီးပုံပျံရုပ် ကို ထည့်သွင်းပြုလုပ်ထားပြီး လက်ရှိတွင် လုပ်ငန်း
ထက်ဝက်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
.
“အဓိကလမ်းမကြီးတွေနဲ့ ဆက်စပ်နေတဲ့ လမ်းတွေမှာ
တပ်သွားမှာပါ။ တောင်ကြီးတစ်မြို့လုံး မပါဘူး။ ဆိုင်းဘုတ်တွေက တစ်ဝက်လောက်တော့
ပြီးနေပါပြီ။ အဓိကကတော့ ဗိုလ်ချုပ်လမ်းကို ဦးစားပေး လုပ်ဆောင်သွားမှာပါ။
တစ်လမ်းချင်းစီ လုပ်ဆောင်နေပါတယ်” ဟု တောင်ကြီးမြို့နယ် စည်ပင် သာယာရေးဌာနမှ တာဝန်ရှိသူက
ပြောဆိုခဲ့သည်။
.
မကြာမီကာလအတွင်း တောင်ကြီးမြို့၏ အထင်ကရပွဲတော်ြဖစ်သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
ရိုးရာမီးပုံးပျံပြိုင်ပွဲ ကျင်းပတော့မည်ဖြစ်ရာ တောင်ကြီးမြို့သို့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ
ခရီးသွား ဧည့်သည်များ ဝင်ရောက်လာရန် ရှိနေပြီး ယခုကဲ့သို့ လမ်းညွှန်ဆိုင်းဘုတ်များ
တပ်ဆင်ခြင်းဖြင့် ခရီးသွား ဧည့်သည်များအတွက် လွယ်ကူအဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။
.
“ဒေသခံ တောင်ကြီးသူ/တောင်ကြီးသားတွေကတော့ အကြောင်းမဟုတ်ပေမဲ့
ဧည့်သည်တွေ လာရင်ကျ တော့ လမ်းညွှန်ရခက်တာပေါ့။ အခုလို လမ်းညွှန်ဆိုင်းဘုတ်လေးတွေ လုပ်ပေးတာ
ကောင်းပါတယ်။ အဓိက လမ်းမကြီးတွေအပြင် တခြား လမ်းတွေမှာလည်း တပ်ပေးနိုင်ရင် ပိုကောင်းပါတယ်”
ဟု ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ထို့အတူ အခြားဒေသခံတစ်ဦးကလည်း “တောင်ကြီးသားတွေကတော့ လမ်းနာမည်ဆိုင်းဘုတ်တွေ
မလို ဘူးပေါ့။ သိလည်း မသိဘူး။ အနီးဆုံးမှာရှိတဲ့ အထင်ကရနေရာ၊ ဆိုင်တွေကို လမ်းညွှန်ကြတာပဲ။
ဧည့်သည် တွေအတွက်တော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တန်ဆောင်တိုင် ဆိုရင် ဧည့်သည်တွေ
အများကြီး လာကြမှာလေ” ဟု အခြား ဒေသခံတစ်ဦးကလည်း ပြောသည်။
.
ယင်းကဲ့သို့ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ခြင်းအပြင် တောင်ကြီးမြို့ပေါ်ရှိ
ယိုယွင်းပျက်စီးနေသည့် မြို့တွင်းလမ်းများကိုလည်း ပြုပြင်ရန် လိုအပ်နေသည်ဟု ဒေသခံများက
ပြောဆိုကြသည်။
.

No comments:
Post a Comment