.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ
၃ ရက်
.
“ သူတည်းတစ်ယောက် ကောင်းဖို့ ရောက်မူ၊ သူတစ်ယောက်မှာ
ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။”
.
ပုဂံခေတ် နှောင်းပိုင်းကာလဆီက အနန္တသူရိယ အမတ်ကြီး
ရေးဖွဲ့ခဲ့တဲ့ မျက်ဖြေလင်္ကာထဲက မှတ်မှတ် သားသား
ဖြစ်မိနေတဲ့ စာသား တစ်ခု ဖြစ်ပါတယ်။ အကြောင်း တစ်ခုကြောင့် ကွပ်မျက်ခံရကာနီး
နောက်ဆုံး အချိန်မှာ ရေးဖွဲ့ခဲ့တဲ့
လင်္ကာတစ်ပုဒ်လို့ ဆိုကြပါတယ်။ ရေးဖွဲ့ပြီးတာနဲ့ သူသတ်တွေရဲ့ ကွပ်မျက်ခြင်းကို
ခံလိုက်ရတာပါ။ သူသတ်တွေက ကွပ်မျက်ခြင်းကိစ္စ ပြီးတာနဲ့ အနန္တသူရိယ အမတ်ကြီး
ရေးခဲ့တဲ့ မျက်ဖြေ လင်္ကာကို မင်းကြီးဆီ
ဆက်သကြတယ်။ မင်းကြီး အမျက်ပြေချိန်ကြတော့ ပညာရှိ အမတ်ကြီး အနန္တသူရိယ
မရှိရှာတော့ပါဘူး။
.
တစ်ဦး ကောင်းဖို့ တစ်ယောက်သောသူ ပျက်ပေးခဲ့ရတယ်။
လောကကြီးမှာ ဒီလိုကိစ္စရပ်တွေ ဘယ်လောက် တောင်
များခဲ့ပြီလဲ။ မြို့သက်တမ်း နှစ်ပေါင်း ၁၃၀ ကျော်လာပြီဖြစ်တဲ့
တောင်ကြီးမြို့မှာရော တစ်ဦး ကောင်းစားဖို့ တစ်ယောက်ပေါင်း များစွာ ဘယ်လောက်အထိ
ပျက်ပေးခဲ့ကြရပြီလဲ။ သစ်လွင်တဲ့ တောက်ပ ခြင်း
ဝါးမျိုမှု အောက်မှာ ခမ်းနားတဲ့ အိုမင်းခြင်းတွေ ဘယ်လောက်အထိ
ပျောက်ကွယ်သွားခဲ့ရပါပြီလဲ။
.
ပျောက်ကွယ်သွားတဲ့ အရာတွေထဲမှာ တချို့သော အရာတွေက
စိတ်ကူးထဲ မှတ်မှတ်ထင်ထင် ရှိနေပြန်ပါ တယ်။
တောင်ကြီးမြို့ မြို့မဈေးကြီး အရှေ့ဘက်မှာ ရှိခဲ့ဖူးတဲ့ဆိုင်းဘုတ်ကြီးတစ်ခု။
ဥပဒေကို မသိ နားမလည် ဟု ဆိုကာယုံမျှဖြင့် ဥပဒေက
သင့်အား ခွင့်လွှတ်လိမ့်မည် မဟုတ်တဲ့။ အဲဒီဆိုင်းဘုတ်ကြီးရဲ့ ကျောဘက်မှာ
ပျံကျသဖွယ် (ပျံကျမဟုတ်) ဈေးပြားပြားလေး တစ်ခု နှစ်ပေါင်းများစွာ
တည်တံ့ခဲ့ဖူးပါတယ်။ ဘဝပေါင်း များစွာ အဲဒီဈေးတန်းလေးကို အမှီသဟဲပြုပြီး
ရှင်သန်ခဲ့ကြတာပါ။
.
သူတည်းတစ်ယောက် ကောင်းမှုရောက်ဖို့ ဘ၀များစွာ
ပျက်ခဲ့ရလေသလား။ သက္ကရာဇ်တွေရဲ့ တိုက်စားမှု ကြောင့် ဟောင်းနွမ်းခြင်းတွေ
အိုမင်းလာခဲ့ရတယ်။ ခပ်ပြားပြား ဈေးတန်းလေး နေရာမှာ မိုးထိုးထောင် အဆောက်အဦကြီးက
အစားထိုး နေရာယူသွားခဲ့ပါတယ်။ လက်ရှိလူများ လွယ်လင့်တကူ အမည်နာမ ပြုကြတဲ့ City
Square ဆိုတဲ့ဈေး ၀ယ်စင်တာကြီး။ ခပ်ပြားပြား ဈေးသည်ထဲက တချို့တွေ
အရာမယွင်းပေမဲ့ အများစုက သောင်မဲ့တဲ့ လှိုင်းလို ကမ်းပျောက်သွားကြရတဲ့ အဖြစ်ပါ။
ခေတ်မီလာတာ၊ တိုးတက်လာတာ ကောင်းလားဆိုရင်တော့ ကောင်းပါတယ်ပေါ့။ ဒါပေမဲ့
မကောင်းဘူးလို့ ပြောချင်တဲ့ သူတွေရဲ့ အသံကတော့ အဆင့်မြင့်တိုက်ကြီးရဲ့
အမှောင်ရိပ်မှာ ပျောက်ကွယ်သွားတာလား၊ ကြောက်ရွံ့လို့ ငြိမ်သက်နေတာလားတော့
မပြောတတ်တော့ပါဘူး။
.
အခုရက်ပိုင်း သွားရင်းလာရင်း ခပ်သဲ့သဲ့ တစ်ခု
ကြားနေရပြန်ပါတယ်။ ကြားရတဲ့အရာက သူတည်း တစ်ယောက် ကောင်းမှု ရောက်ဖို့
ဆိုတဲ့အရာပါပဲ။ ဈေး၀ယ်စင်တာကြီးအပေါ်မှာ ဇိမ်ခံဟိုတယ်ကြီး တစ်ခု ရောက်လာတော့မယ်
ဆိုတဲ့ အရပ်စကား။ စကားနောက် တရားပါ ဆိုသလို အစပြုရင် အဆုံးထိ ရောက်သွား တတ်တော့
ဖြစ်မလာဘူးလို့လည်း မပြောနိုင်။ မိတ်ဆွေ သတင်းသမား တစ်ယောက်ကတော့ သတင်း
မှန်တယ်လို့ အတည်ပြုပေးထားပါတယ်၊ သူတို့လည်း သတင်းရေးဖို့ အချက်အလက်
စုဆောင်းနေပြီလို့ ပြော။ ဖြစ်လာခဲ့ရင် ဇိမ်ခံဟိုတယ်ကြီးနဲ့ လိုက်လျောညီထွေ
ဖြစ်အောင် အနီး၀န်းကျင်က အစပြုပြီး ပြင်ပြောင်းလဲမှု တွေ လုပ်ဆောင်လာပါဦးမယ်။
.
ဘယ်နေရာက ဘယ်သူတွေ စတေးခံ ဖြစ်မလဲဆိုတာ စိတ်ကူးနဲ့
ပုံဖော်ကြည့်မိပါတယ်။ အရင်ဆုံး ပြေးမြင်မိ တာကတော့ ဈေး၀ယ်စင်တာကြီးရဲ့
တောင်ဘက်လမ်းသွယ်နဲ့ အရှေ့ဘက်လမ်းကြားက ပျံကျ ဈေးသည် များကတော့ ကမ်းမဲ့ဗေဒါ
ဖြစ်သွားနိုင်ပါတယ်။
.
ခပ်သဲ့သဲ့ ကြားရတဲ့ အရပ်စကားအရ ဖွင့်လာနိုင်တဲ့
ဟိုတယ်ကြီးသာ ကြယ်ငါးပွင့် အဆင့်ဖြစ်ခဲ့ရင် ကမ်းမဲ့ ဗေဒါ အရေအတွက် ပို
များသွားနိုင်ပါတယ်။ တချို့ကလည်း ဆိုကြပါတယ် ဒီအဆောက်အဦကြီး အပေါ်မှာ
ဟိုတယ်ဖွင့်လို့ မဖြစ်နိုင်တဲ့။ ဗေဒါလို ဖြစ်နေတဲ့ ဈေးသည်တွေအတွက်ကတော့ မိုးမပြို
ပြိုခဲ့သည်ရှိသော်လို့ပဲ ဆိုရမှာပါ။
.
မိတ်ဆွေ သတင်းသမား တစ်ယောက်ကတော့ နှစ် မကုန်ဘူး၊
ဈေးသည်တွေ ဖယ်ရှားခံရလိမ့်မယ်လို့ ဆိုလာပြန်တော့ ဗေဒါတွေ ရေမှာ မျောဖို့
သေချာနေပြီလားလို့ ထင်မိပြန်ပါ။
.
ကုန်လွန်ခဲ့တဲ့ လ အပိုင်းအခြားတစ်ခုကပဲ သက်သေသာဓက တစ်ခု
ပြသွားခဲ့ဖူးပါတယ်။ တောင်ကြီးမြို့လယ် မှာ နှစ်ပေါင်း ၃၀ ကျော်လောက်
ထိုးထိုးထောင်ထောင် ထင်ရှားရှား ရှိခဲ့ဖူးတဲ့ နာရီစင်။ သူနဲ့အတူ ပေါက်ဖွား လာတဲ့
နာရီစင် ညဈေးတန်း။ အထပ်မြင့် ကားပါကင်ဆိုတဲ့ စီမံကိန်းကြီးနဲ့ အတူ လေတိုက်စားတဲ့
တိမ် တစ်စလို ပျောက်ကွယ်သွားခဲ့ရပြီ။ ဒီနေ့ အောက်တိုဘာလ ၃ ရက်နေ့မှာတော့
ကားပါဆိုတဲ့ အဆောက်အဦ အတွက် ပန္နက်နက် မင်္ဂလာအခမ်းအနားတောင် လုပ်နေပြီ ဖြစ်ပါတယ်။
“သူတည်းတစ်ယောက် ကောင်း ဖို့ရောက်ဖို့ တချို့သောတွေ နေရာဖယ်ပေးကြရတာ ဓမ္မတာ ဆိုတဲ့
ဒီခရီး။” ဖြစ်ခဲ့တာပါ။
.
အထပ်မြင့်ကားပါကင် စီမံကိန်းကြီး အစပြုထားလေတော့ တစ်ဖက်က
ဟိုတယ်ကြီးက အစ ပြုလာဖို့ သေချာ တဲ့ အနေအထားလို့ ဆိုရမလား။ ကံသေကံမလို့
မဆိုနိုင်ပေမဲ့ သူတို့ကြံလေသမျှတော့ အကောင်အထည် ပေါ်သွားတာ ခပ်များများ။
ဖြစ်လာခဲ့ရင်လည်း ခပ်ပြားပြား ဈေးသည်တွေအတွက် မိုးကြိုးတည့်တည့် အပစ် ခံရရုံက
လွဲပြီး ကာစရာ ထန်းလက်က မရှိ။ တစ်ချိန်မှာ နဖူးကို တည့်တည့် မှန်လာနိုင်မယ်
ထင်ရတဲ့ မိုးကြိုး စက်ကွင်း ရှောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမှာလားလို့
တွေးထားကြရမှာလည်း ဖြစ်ပါတယ်။
.
တစ်ဆက်တည်း အတွေးထဲ ရောက်လာတာကတော့ မကြာခင်က
မြို့မဈေးကြီး မြောက်ဘက်ကို ပြောင်းရွေ့ ခံထားရတဲ့ ဂိုထောင်ညဈေးတန်းကရော
ရေရှည်တည်မြဲနိုင်ပါ့မလား။ ဘုရားပြီးရင် ငြမ်းဖျက်ဆိုတဲ့ ဆိုရိုး စကား ရှိထားတယ်။
အစပြုခြင်းတွေရဲ့ နောက်ကွယ်မှာ တစ်နွယ်ငင် တစ်စင် ပါသွားနိုင်တယ်။ လတ်တလော တော့
ဈေး၀ယ်စင်တာကြီး ဘေးပတ်လည်က ဘ၀ပေါင်းများစွာအတွက် ရင်လေးရမယ့် အခြေအနေပါ။
.
တချို့သော အချက်ပေးသံတွေက ချက်ကျလက်ကျ ရောက်လာတတ်တယ်။
ကောင်းမှုရောက်ဖို့ ဖန်တီးသူ တွေက ချက်ကောင်းကိုင်ပြီး အကွက်ကျကျ
ထိုးနှက်တတ်ကြတယ်။ ဇမ္ဗူဒိပ်ကျွန်းက ဩဘာနိမိတ်ထွန်းတဲ့။ အကြောင်းရှိလို့
တဘောင်ပေါ် တတ်တာမျိုး။ အကြောင်းနောက်မှာ အကျိုး ဖြစ်လာတတ်ပါတယ်။ ဈေးဝယ်စင်တာပေါ်မှာ
ဟိုတယ်သာ ဖြစ်လာခဲ့ရင် အောက်ခြေမှာ အခြေကျနေသူတွေ အခြေခံဘဝ ရောက်သွားနိုင်တယ်။
ခပ်သဲ့သဲ့ အရပ်စကားအရ စိတ်ကူးထဲပေါ်လာရုံမျှသာပါ။ ဒါပေမဲ့လည်း ခရိုနီမိုးဆိုတာ
ပြိုကျတာ ခပ်များများသာ ဖြစ်ပါတယ်။
.
“ ခရိုနီတစ်ယောက် ကောင်းဖို့ရောက်မူ၊ လူအများမှာ
ပျက်လင့်ကာသာ ဓမ္မတာတည်း” အမည်မသိစာဆို (မျက်မှောက်ခေတ်)။
.

No comments:
Post a Comment