.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
တာဝန် ထမ်းဆောင်နေသည့် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိန်ဝင်း
နေရာအား အပြောင်းအလဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
.
ရှမ်းပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုမှ
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တာဝန် ထမ်းဆောင်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ၇ ဦးတို့ကို အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ယမန်နေ့ အောက်တိုဘာ ၂၁ ရက်တွင် ကြေညာချက်အမှတ် (၆၅/၂၀၂၆) ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ ကြေညာချက်အရ ကယားပြည်နယ်လွှတ်တော်မှ
ဗိုလ်မှူးကြီး သန်းစိုးအောင် အစား ဗိုလ်မှူးကြီး နောင်လတ်၊
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ ဗိုလ်မှူးကြီး ဝင်းတင်စိုး အစား ဗိုလ်မှူးကြီး
မင်းသိန်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ဗိုလ်မှူးကြီး မိုးမင်းသိန်း အစား
ဗိုလ်မှူးကြီး နိုင်ဇင်ထွန်း၊ မွန်ပြည်နယ် လွှတ်တော်မှ ဗိုလ်မှူးကြီး
ကျော်စွာမြင့် အစား ဗိုလ်မှူးကြီး ရဲထွဋ်၊ ရခိုင်ပြည်နယ်လွှတ်တော်မှ ဗိုလ်မှူးကြီး
ကျော်သူရ အစား ဗိုလ်မှူးကြီး ဇော်လင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ
ဗိုလ်မှူးကြီး ဝင်းတင့် အစား ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ရှမ်းပြည်နယ်လွှတ်တော်မှ
ဗိုလ်မှူးကြီး စိန်ဝင်း အစား ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ် တို့အား
အစားထိုးပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယခု ပြောင်းလဲခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ၇ ဦးမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
တာဝန်ထမ်းဆောင်နေသူများ ဖြစ်သည့် အတွက် ဝန်ကြီးနေရာ အပြောင်းအလဲပြုလုပ်ခြင်းဖြစ်သည်ဟု
သုံးသပ်မှုများလည်း ရှိနေသည်။
.
“အနီးစပ်ဆုံး လွှတ်တော်အစည်းအဝေးမှာ အသစ်ဖြစ်လာမယ့်ပုဂ္ဂိုလ်ရဲ့
အမည်ကို လွှတ်တော်ကို တင်သွင်းတာ၊ အတည်ပြုတာ လုပ်ကြမယ်။ လွှတ်တော်က အတည်ပြုပြီးပြီ
ဆိုရင်တော့ ဝန်ကြီး အစားထိုး ခန့်အပ်တာတွေ ဆက်လုပ်လာမှာပေါ့။ လွှတ်တော်က အတည်မပြုမချင်းတော့
ပုံမှန်အတိုင်း ဝန်ကြီး တာဝန် ဝတ္တရားတွေ ထမ်းဆောင်နေဦးမှာပါ” ဟု သတင်းရင်းမြစ်တစ်ဦးက
ပြောသည်။
.
လက်ရှိတွင် အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ဦးမှာ သက်ဆိုင်ရာ
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်ကြီးတာဝန် ထမ်းဆောင်နေဆဲဖြစ်ပြီး အနီးစပ်ဆုံး
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေး များတွင် လွှတ်တော်၏ သဘောထားရယူကာ ဝန်ကြီးနေရာ
အပြောင်းအလဲပြုလုပ်မှုများ ရှိလာနိုင်ကြောင်း သိရသည်။
.
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅)၊ ပုဒ်မ
၂၆၂ အရ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီး ခန့်အပ်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် များထဲက ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ သင့်လျော်သည့်
ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်ဟု ပြဌာန်းထား သည်။
.

No comments:
Post a Comment