ပနားမားနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်များ ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, October 10, 2026

ပနားမားနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်များ ထုတ်ပြန်

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်

.

ပနားမားနိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အမေရိက အလယ်ပိုင်းနဲ့ တောင်အမေရိကနိုင်ငံတွေမှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

.

.

သောကြာနေ့က ငလျင်လှုပ်ခတ်ပြီးနောက် အမေရိကန် အမျိုးသားမိုးလေဝသဌာနက ပနားမား၊ ကိုလံဘီယာ၊ အီကွေဒေါ၊ နီကာရာဂွာနဲ့ ဂွာတီမာလာနိုင်ငံတို့မှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ ပါတယ်။ ချီလီနိုင်ငံ ရေတပ်ရဲ့ ရေအားနဲ့ သမုဒ္ဒရာဗေဒဆိုင်ရာဌာနကလည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

.

အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနရဲ့ အဆိုအရ ငလျင်ဗဟိုချက်ဟာ ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်း က လူနေကျဲပါးတဲ့ ပီတာလိုဇာ အာရီဘာဒေသရဲ့ အနောက်တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာမှာ ရှိပါတယ်။

.

ပနားမားမြို့တော်မှာလည်း ငလျင်လှုပ်တာကို သိသိသာသာ ခံစားခဲ့ရပြီး အဆောက်အအုံတွေ လှုပ်ခါခဲ့သလို လူတွေလည်း အပြင်ကို ထွက်ပြေးခဲ့ကြပါတယ်။

.

ငလျင်လှုပ်ခတ်ခဲ့တဲ့ ဟာရဲရားပြည်နယ်က အသက် ၆၀ အရွယ် ရိုဆန်ဒို ဒိုမင်ဂွက်ဇ်က “ငလျင်လှုပ်တာ အရမ်းပြင်းတယ်။ မီးဖိုချောင်ထဲက ပစ္စည်းတွေ ပြုတ်ကျကုန်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဆင်ပြေ ပါတယ်။ အရမ်းတော့ ကြောက်နေကြတယ်” လို့ အေပီသတင်းဌာနကို ဖုန်းနဲ့ ပြောပါတယ်။

.

“လူတိုင်း ကြောက်လန့်ပြီး အပြင်မှာ ရှိနေကြတယ်” လို့လည်း သူက ပြောပါတယ်။

.

လာပရင်ဆာ သတင်းစာက မျှဝေထားတဲ့ ဗီဒီယိုတွေမှာတော့ ငလျင်ဗဟိုချက်နဲ့ ပနားမားမြို့တော်ကြား အလယ်လောက်မှာရှိတဲ့ ပီနိုနိုမီမြို့က သမိုင်းဝင်အဆောက်အအုံတစ်ခုရဲ့ မျှော်စင် ပြိုကျသွားတာကို တွေ့ရပါတယ်။ လူနေအဆောက်အအုံတစ်ခုရဲ့ ဝရန်တာအများအပြားလည်း ပြိုကျခဲ့ပါတယ်။

.

ပနားမားနိုင်ငံ ပညာရေးဝန်ကြီးဌာနက ကျောင်းတွေကို ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတ ဟိုဆေး ရာအူးလ် မူလီနိုကလည်း ပြည်သူတွေကို စိတ်အေးအေးထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

.

“ဖြစ်ပျက်ခဲ့တာကို အသုံးချပြီး လူတွေကို ထိတ်လန့်အောင်လုပ်တာ၊ မငြိမ်မသက်ဖြစ်အောင် လုပ်တာမျိုး မဖြစ်သင့်ပါဘူး” လို့ သူက အိတ်စ်လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

.

ဒီနှစ်အတွင်းမှာလည်း အဲဒီဒေသတဝိုက်မှာ ပျက်စီးဆုံးရှုံးမှုများတဲ့ ငလျင်ကြီးတွေ လှုပ်ခတ်ခဲ့ပါတယ်။

.

ဇွန်လမှာ ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်းမှာ ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုတွေ ဖြစ်ခဲ့ကာ လူပေါင်း အနည်းဆုံး ၆,၅၀၀ သေဆုံးခဲ့ပါတယ်။

.

ဩဂုတ်လမှာလည်း ကိုလံဘီယာနိုင်ငံမှာ ပြင်းအား ၇ ဒသမ ၄ မဂ္ဂနီကျုရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း အနည်းဆုံး ၂၈၉ ဦး သေဆုံးခဲ့ပါတယ်။

.

Ref – Aljazeera

.

No comments:

Post a Comment

Pages