တန်ဆောင်တိုင်ကာလအတွင်း အခန်း ၂ ခန်းစီ ချန်ထားရန် ဟိုတယ်/တည်းခိုခန်းများသို့ ညွှန်ကြားထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, October 19, 2026

တန်ဆောင်တိုင်ကာလအတွင်း အခန်း ၂ ခန်းစီ ချန်ထားရန် ဟိုတယ်/တည်းခိုခန်းများသို့ ညွှန်ကြားထား

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်

.

ရှမ်းပြည်နယ်‌တောင်ပိုင်းဒေသအတွင်းရှိ ဟိုတယ်၊ မိုတည်၊ တည်းခိုခန်းများအားလုံး တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပွဲကာလအတွင်း အခန်း ၂ ခန်းစီ ချန်လှပ်ထားရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားထားသည်ဟု သိရသည်။

.

.

မြို့‌တော်တောင်ကြီး အပါဝင် ရှမ်းတောင်ဒေသရှိ ဟိုတယ်၊ မိုတည်၊ တည်းခိုခန်း အားလုံးကို ဟိုတယ် တစ်ခုလျှင် ၂ ခန်းကျ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ချန်ထားပေးရန် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားထားခြင်းဖြစ်ပြီး ယင်းအခန်းများအတွက် မည်သို့ ငွေပေးချေမည်ကို မသိရှိရသေး ကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံက သိရသည်။

.

“တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက် နိုဝင်ဘာ ၁၈ ကနေ ၂၄ အထိ ဟိုတယ်တွေအကုန်လုံးကို ၂ ခန်းစီ ချန်ခိုင်းတယ်။ ရှမ်းတောင်က ဟိုတယ်တွေ အကုန်လုံးလို့ ပြောပါတယ်။ ဟိုတယ်ခရီးဌာနက လို့တော့ ပြောပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

.

ထို့အတူ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးကလည်း “ဒီနှစ်မှ စပြီး စာထုတ်တောင်းတာပါ။ အရင်နှစ်တွေကတော့ အဲဒီလို ချန်ခိုင်းတာ မရှိပါဘူး။ သူတို့ဘက်က ဘယ်သူတွေ လာတည်းမယ်၊ ဘယ်ရက်တွေ ယူမယ်ဆိုတာ လည်း သေချာ မပြောထားပါဘူး” ဟု ပြောဆိုခဲ့သည်။

.

အလားတူ အခြားဟိုတယ် များတွင်လည်း အခန်း ၂ ခန်း ချန်ထားပေးရသည်မှာ မှန်ကန်ပြီး မည်သို့ ဆောင်ရွက်မည်ကို တိတိကျကျ ပြောဆိုထားခြင်းမရှိကြောင်း အခြားလုပ်ငန်းရှင်တစ်ဦးကလည်း အတည်ပြု ပြောဆိုခဲ့သည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူအား သွားရောက်တွေ့ဆုံမေးမြန်းရာတွင် “အခန်း ၂ ခန်းကို အလကားတောင်းတာ မဟုတ်ပါဘူး။ ဌာနအတွက် လုပ်တာလည်း မဟုတ်ဘူး။ ပွဲရက်မှာ အရေးကြီးဧည့်သည်တွေ ရောက်လာရင် အဆင်သင့် ဖြစ်အောင် လုပ်ထားတာပါ။ မယူဖြစ်ရင်လည်း သူတို့ ပေါက်ဈေးအတိုင်းပဲ ပြန်ရောင်းခိုင်းမှာပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

.

ရှမ်းတောင်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများအနေဖြင့် တန်ဆောင်တိုင်ပွဲတော်ကာလ တစ်ခုသာ အဓိက အားထား၍ လုပ်ငန်းဆောင်ရွက်ရခြင်းဖြစ်ပြီး ယခုကဲ့သို့ အခန်း ၂ ခန်း တောင်းခံသည့်အတွက် အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။

.

တောင်ကြီးမြို့နယ်အတွင်း ဟိုတယ် အလုံး ၄၀၊ တည်းခိုးခန်း ၄၆ ခု၊ စုစုပေါင်း ၈၆ ခု ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

.

No comments:

Post a Comment

Pages