.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်
.
၂၀၂၆ ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ပွဲဈေးတန်းဆိုင်ခန်း
အပါအဝင် လုပ်ငန်း ၄ မျိုးအတွက် စုစုပေါင်း ကျပ်သိန်း ၂၇၄၂၀ ဖြင့် လုပ်ငန်းရှင်များအား
လေလံပေး လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။
.
.
ဈေးဆိုင်ခန်း၊ ပျံကျဈေးသည်နှင့် လက်ပွေ့လုပ်ငန်းအတွက် ကျပ်သိန်း
၁၀၅၁၀ ဖြင့် စဉ့်ကိုင်မြို့နယ်မှ လုပ်ငန်းရှင်တစ်ဦးကိုလည်းကောင်း၊ ချားရဟတ်ကွင်း၊
ကလေးကစားကွင်းနှင့် ပျော့အိကစားကွင်းလုပ်ငန်း အတွက် လေလံကြေး ကျပ်သိန်း ၁၃၅၀၀၊
ယာဉ်ရပ်နားစခန်းလုပ်ငန်း ၄ ခုအတွက် လေလံကြေး ကျပ်သိန်း ၂၄၁၀ ဖြင့် တောင်ကြီးမြို့မှ
လုပ်ငန်းရှင်တစ်ဦးကိုလည်းကောင်း၊ သန့်စင်ခန်းလုပ်ငန်းအတွက် ကျပ်သိန်း ၁၀၀၀ ဖြင့် မန္တလေးမြို့မှ
လုပ်ငန်းရှင်တစ်ဦးကိုလည်းကောင်း လုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
.
ဈေးဆိုင်ခန်းလေလံရရှိထားသူ လုပ်ငန်းရှင်က ဆိုင်ခန်းများကို
အောက်တိုဘာလ ၂၉ ရက်တွင် စတင် ရောင်းချပေးသွားမည်ဖြစ်ပြီး ဆိုင်ခန်း နေရာအပေါ်မူတည်၍
တစ်ခန်းလျှင် အနည်းဆုံး ကျပ် ၁၀ သိန်း ဝန်းကျင်မှ ၉၅ သိန်းကျပ်အထိ ရှိကြောင်း သိရသည်။
.
“ဆိုင်ခန်းက ရှေ့မျက်နှာစာ ၁၀ ပေ၊ နောက်ကိုတော့ ရှိသလောက်ပေါ့။
အစိုးရကတော့ ဈေးဆိုင်ခန်းတွေကို အမြင့်ဆုံး/အနိမ့်ဆုံး ဈေးနှုန်း သတ်မှတ်ပေးထားတာမျိုး
မရှိဘူး။ တစ်ထပ် သွပ်မိုးပဲ ဆောက်ဖို့ အပါအဝင် တခြား စည်းကမ်းချက်တွေတော့ ချမှတ်ထားတာ
ရှိပါတယ်” ဟု ဈေးဆိုင်ခန်းလုပ်ငန်း လေလံရရှိထားသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အလားတူ ချားရဟတ်ကွင်း၊ ကလေးကစားကွင်းနှင့် ပျော့အိကစားကွင်းလုပ်ငန်းနှင့်
ကားပါကင်လုပ်ငန်းများ အတွက် လေလံအောင်မြင်
ရရှိထားသူကလည်း ကစားကွင်း နေရာများကို အောက်တိုဘာ ၂၉ ရက်တွင် စတင်ရောင်းချပေးသွားမည်
ဖြစ်ပြီး ကားပါကင်ကြေးနှင့် ပတ်သက်၍မူ သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း
ပြောဆိုခဲ့သည်။
.
“ကစားကွင်းနေရာတွေက ၂၉/၃၀ ရက်လောက်မှာ စ ရောင်းဖို့ စဉ်းစားထားပါတယ်။
ကားပါကင် ကတော့ လေလံ မဆွဲခင်ကတည်းက စည်းကမ်းချက် ချမှတ်ထားတာ ရှိပါတယ်။ ကျွန်တော်တို့လည်း
ပွဲကျင်းပရေး ကော်မတီ က သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ ကောက်ဖို့တော့ စီစဉ်ထားပါတယ်”
ဟု ကစားကွင်းနှင့် ကားပါကင် လေလံအောင်မြင်ထားသူ လုပ်ငန်းရှင်က ပြောသည်။
.
ပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအရ
ယာဉ်ရပ်နားခ အနေဖြင့် ဆိုင်ကယ်တစ်စီးလျှင် ၅၀၀၀ ကျပ်၊ ကားတစ်စီးလျှင် တစ်တန်အောက်
၁၀၀၀၀ ကျပ်၊ တစ်တန်အထက် ၂၀၀၀၀ ကျပ် ထက် ပိုမိုကောက်ခံခြင်း မပြုရန် သတ်မှတ်ထားပြီး
သတ်မှတ်ချက်အား မလိုက်နာပါက Black List စာရင်းသွင်း၍ နောင်လာမည့်နှစ်
တန်ဆောင်တိုင်ပွဲတော်များတွင် လေလံဆွဲဝယ်ယူခွင့် ပိတ်ပင်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် သန့်စင်ခန်းလုပ်ငန်းအတွက်လည်း လူတစ်ဦးလျှင်
၅၀၀ ကျပ်ထက် ပိုမိုကောက်ခံခြင်းမပြုရန် သတ်မှတ်ထားကြောင်း သိရသည်။
.
“အစိုးရကတော့ လေလံအများဆုံး ပေးတဲ့သူကို ပေးမှာပဲ။
လုပ်ငန်းရှင်ကလည်း သူ့အတွက် တွက်ချေကိုက် အောင် ဈေးတင်မှာပေါ့။ ဒါပေမဲ့ တအားကြီး
လွန်လွန်ကျူးကျူး မဖြစ်ဖို့ လိုတာပေါ့။ ပြည်နယ်အစိုးရ အနေနဲ့ လည်း ဒါကို
ကြပ်မတ်သင့်ပါတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သ်ည။
.
ယင်းကဲ့သို့ လေလံဈေး မြင့်တက်မှုကြောင့် တန်ဆောင်တိုင်ပွဲတော်အတွင်း
ယာဉ်ရပ်နားခ၊ အစားအသောက် မှအစ အရာရာ ဈေးကြီးသည့် တန်ဆောင်တိုင် မဖြစ်စေရေးအတွက် ရှမ်းပြည်နယ်အစိုးရ၊
ပွဲတော် ကျင်းပရေး ဦးစီးကော်မတီအနေဖြင့် စနစ်တကျ ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်နေကြောင်း
ဒေသခံများက ပြောဆို ကြသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
ရိုးရာမီးပုံပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ အဝေရာ
မီးပုံးပျံကွင်းအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်တွင် ဆုပေးပွဲနှင့်
ပိတ်ပွဲကို ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment