.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
.
အီတလီနိုင်ငံတစ်ဝန်းက ကျောင်းပေါင်း ၆,၃၀၀ ခန့်ဟာ ဗုဒ္ဓဟူးနေ့မှာ ဗုံးဖောက်ခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ
ရရှိခဲ့ တာကြောင့် ကျောင်းတွေကို ရွှေ့ပြောင်းပိတ်ထားခဲ့ရပါတယ်။ ဒါဟာ
ဥရောပတစ်ဝန်းက စူပါမားကတ်တွေ၊ သွေးဘဏ် တွေ၊ လေကြောင်းသွားလာရေးနဲ့ ရုပ်သံမီဒီယာ
တွေကို ပစ်မှတ်ထားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ
ဆက်တိုက်ဖြစ်ပွားနေ တဲ့အထဲက
နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။
.
.စကော့တလန်၊ မြောက်အိုင်ယာလန်နဲ့
အိုင်ယာလန်သမ္မတနိုင်ငံတို့ကလည်း သူတို့နိုင်ငံရှိ ကျောင်းအများ အပြားဟာ ပြည်ပကနေ
အလားတူ အီးမေးလ်ခြိမ်းခြောက်စာတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့
အဲဒီခြိမ်းခြောက်စာတွေကို လိမ်လည်ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ခဲ့ပြီး
စာသင်ကြားမှု တွေကိုတော့ မထိခိုက်ခဲ့ပါဘူး။
.
အီတလီမှာတော့ ခြိမ်းခြောက်စာတွေ ရရှိပြီး
ကျောင်းတွေကို အမြန်ပိတ်ခဲ့ရတာကြောင့် မိဘအများအပြားလည်း အလုပ်တွေကိုရပ်ပြီး
ကလေးတွေကို သွားခေါ်ခဲ့ရပါတယ်။
.
ရောမမြို့က မက်ဇီနီ အလယ်တန်းကျောင်းမှာ တက်နေတဲ့
ကလေးတစ်ဦးရဲ့ မိခင် နန်စီ ဘီဂိုက “သမီး ဒက်ဖနီက ကလေးတွေက
ဘာဖြစ်နေတာလဲဆိုတာ နားမလည်ကြလို့ ငိုခဲ့ပါတယ်။ ကျွန်မသွားခေါ်တဲ့အချိန်အထိလည်း သူက
တုန်လှုပ်နေတုန်းပါပဲ” လို့ ပြောပါတယ်။
.
သူက “ဒါက တကယ်စိတ်အနှောင့်အယှက်ဖြစ်စရာပါ။
စာသင်ချိန်တွေကို ပျက်စီးစေပြီး လူတိုင်းရဲ့ တစ်နေ့တာကို အနှောင့်အယှက်ဖြစ်စေဖို့
လုပ်ထားတဲ့ လိမ်လည်ခြိမ်းခြောက်မှုဆိုတာ သိသာပါတယ်” လို့လည်း ပြောပါတယ်။
.
Reuters က တွေ့ရှိခဲ့တဲ့
ခြိမ်းခြောက်စာမိတ္တူထဲမှာ အီတလီဝန်ကြီးချုပ် ဂျော်ဂျာ မယ်လိုနီကို
ပစ်မှတ်ထားမယ်ဆိုတဲ့ ခြိမ်းခြောက်မှုလည်း ပါဝင်ပါတယ်။ မယ်လိုနီကတော့
ဗုံးခြိမ်းခြောက်မှုတွေဟာ အန္တရာယ်မရှိဘူးလို့ ပြောပြီး ရဲတပ်ဖွဲ့နဲ့
အစိုးရအဖွဲ့အစည်းတွေက အခြေအနေကို စောင့်ကြည့်နေ တယ်လို့ ဆိုပါတယ်။
.
ရောမမြို့က ကျောင်းတစ်ကျောင်းကလည်း မိဘတွေထံ
စာတိုပို့တဲ့အက်ပ်ကနေ “ကျောင်းသားအားလုံးကို လုံခြုံတဲ့ နေရာကို ရွှေ့ထားပြီး ဆရာ၊
ဆရာမတွေရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေပါတယ်” လို့ အသိပေးခဲ့ပါတယ်။
.
အီတလီမှာ ရရှိခဲ့တဲ့ အီးမေးလ်ကို “မီခေးလ်
အန်ဒရိုပေါ့ဗ်၊ မီဆိုဂျင်နစ္စတန် ဗီလာယတ်ရဲ့ ခေါင်းဆောင်” လို့
လက်မှတ်ရေးထိုးထားတယ်လို့ Reuters က တွေ့ရှိခဲ့တဲ့
စာမိတ္တူမှာ ဖော်ပြထားပါတယ်။
.
အမျိုးသားလုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးက
“ကျောင်းတွေရဲ့ အီးမေးလ်လိပ်စာတွေက အများပြည်သူ ကြည့်ရှု နိုင်တဲ့အတွက်
ဗုံးခြိမ်းခြောက်စာတွေ ပို့ရတာ ရေတစ်ခွက်သောက်ရသလို လွယ်ပါတယ်” လို့ Reuters
ကို ပြောပါ တယ်။
.
အဲဒီအမည်နဲ့ပဲ ပြီးခဲ့တဲ့ သောကြာနေ့က
အိုင်ယာလန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံက သတင်းဌာနတွေကို အီးမေးလ်ကနေ
ဗုံးခြိမ်းခြောက်စာတွေ ပို့ခဲ့တာအတွက်လည်း တာဝန်ရှိတယ်လို့ ဆိုထားပါတယ်။
.
ယူကရိန်းကို ထောက်ခံနေတဲ့ ဥရောပနိုင်ငံတွေမှာ
နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်တွေ ဆက်တိုက် ဖြစ်ပေါ်နေမှုနောက်ကွယ်မှာ
ရုရှားရှိနိုင်တယ်လို့ ဥရောပအရာရှိအချို့က သံသယရှိနေပါတယ်။
.
ရုရှားကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပြီး
အနောက်နိုင်ငံတွေက အပုပ်ချတဲ့ လှုပ်ရှားမှုလုပ်နေတယ်လို့ ပြန်လည်စွပ်စွဲ ထားပါတယ်။
.
အီရန်ကိုလည်း သံသယရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်
ထည့်သွင်းပြောဆိုနေပါတယ်။ ပြီးခဲ့တဲ့အပတ်က ပြင်သစ်နိုင်ငံမှာ စူပါမားကတ်ရာနဲ့ချီက
ရေခဲသေတ္တာတွေ အလုပ်မလုပ်အောင် ဆိုက်ဘာတိုက်ခိုက် မှုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး
အီရန် အစိုးရကို စွပ်စွဲခဲ့ပြီးနောက် ပြင်သစ်က အင်္ဂါနေ့မှာ အီရန်သံအမတ်ကို
ဆင့်ခေါ်ခဲ့ပါတယ်။
.
အီရန်ကတော့ အဲဒီစွပ်စွဲချက်တွေဟာ
“အခြေအမြစ်မရှိပြီး ရန်လိုတဲ့ စွပ်စွဲချက်တွေ” ဖြစ်တယ်လို့ ပယ်ချထားပါတယ်။
.
အီတလီကာကွယ်ရေးဝန်ကြီး ဂူအီဒို ခရိုဆက်တိုက
ဗုဒ္ဓဟူးနေ့က ဖြစ်ရပ်တွေဟာ “ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေ
ပေါ်ပေါက်လာအောင် လုပ်ဆောင်တဲ့ ရှင်းလင်းတဲ့ မဟာဗျူဟာ” တစ်ခုရဲ့
တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ အဒန်ခရို နော့စ် သတင်းဌာနကို ပြောပါတယ်။
.
သူက “ဒါတွေဟာ အမြဲတမ်း ပြည်ပနိုင်ငံတွေ
ဒါမှမဟုတ် ရန်လိုတဲ့အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်ဖြစ်နေမှာ မဟုတ်ပါဘူး။
ဒီလိုအချိန်မျိုးမှာ မြို့တစ်မြို့ ဒါမှမဟုတ် ဒေသတစ်ခုမှာ အကြမ်းဖက်မှုတွေ
ပေါ်ပေါက်လာအောင် မစောင့်နိုင်ဘဲ လုပ်ဆောင်ချင်တဲ့ အာရုံစိုက်ခံချင်သူတွေနဲ့ စိတ်မမှန်သူတွေလည်း
ရှိပါတယ်” လို့ ပြောပါတယ်။
.
အီတလီကျောင်းအုပ်ကြီးများအသင်း အကြီးအကဲ
အန်တိုနယ်လို ဂျန်နယ်လီကတော့ ဒီခြိမ်းခြောက်မှု တွေကြောင့် ကျောင်းသားတွေ၊
မိသားစုတွေနဲ့ ကျောင်းဝန်ထမ်းတွေ စိတ်အနှောင့်အယှက်ဖြစ် ခဲ့ကြတယ်လို့ ပြောပါတယ်။
.
သူက “ဒီနေ့ဖြစ်ခဲ့တဲ့ ခြိမ်းခြောက်မှုတွေဟာ
သိသိသာသာ လိမ်လည်ခြိမ်းခြောက်မှုတွေ ဖြစ်ပေမဲ့ ကျောင်းအသိုင်း အဝိုင်းတစ်ခုလုံးကို
ထိတ်လန့်စေပြီး ပုံမှန်ပညာသင်ကြားမှုတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ ဖြစ်ရပ်တွေရဲ့
နောက် ဆက်တွဲဆိုးကျိုးတွေကိုတော့ လျှော့တွက်လို့ မရပါဘူး” လို့ ပြောပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment