.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်
.
၂၀၂၆ ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်
ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် လွှတ်တင်မည့် ညမီးကြီးနှင့် စိန်နားပန်
မီးပုံးပျံအဖွဲ့များအား ယနေ့ နိုဝင်ဘာလ ၇ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ အဝေရာ
မီးပုံးပျံကွင်း အတွင်း၌ မဲနှိုက်ရွေးချယ်ခဲ့ကြောင်း သိရသည်။
.
.ပြိုင်ပွဲဝင် လွှတ်တင်မည့် ညမီးကြီးနှင့် စိန်နားပန်
မီးပုံးပျံများအတွက် လွှတ်တင်ရမည့်ရက်ကို မဲနှိုက်ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး မနက်ဖြန်
နိုဝင်ဘာလ ၈ ရက်တွင် နေ့လွှတ်အရုပ် ခြေနှစစ်ချောင်း၊ ခြေလေးချောင်းနှင့် အုပ်စုပြိုင်ပွဲများအတွက်
လွှတ်ရမည့်ရက်ကို မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်တွင် ညလွှတ်
ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး၊ နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၂၃၆ လုံး၊
ခြေလေးချောင်း ၁၃၈ လုံး၊ အုပ်စု ၇၅ အုပ်စု၊ စုစုပေါင်း ၅၆၁ ဖွဲ့ လွှတ်တင် ယှဉ်ပြိုင်သွားမည်
ဖြစ်ကြောင်း သိရသည်။
.
“ဒီနေ့ကတော့ ညမီးကြီးနဲ့ စိန်နားပန် မဲနှိုက်ရွေးချယ်တာဖြစ်ပါတယ်။
လွှတ်တင်ရမယ့် ဇယားကတော့ နောက် ၄/၅ ရက်လောက်မှ အတည်ပြုပြီး ပုံနှိပ်ထုတ်ဝေပါမယ်။ ပျှမ်းမျှ
တစ်ညကို ညမီးကြီး ၈ လုံးလောက်နဲ့ စိန်နားပန် ၄ လုံးကနေ ၅ လုံးလောက် လွှတ်တင်မှာဖြစ်ပါတယ်”
ဟု ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း၊ မီးပုံးပျံ ဆပ်ကော်မတီမှ ဦးတင်ဝင်းက
ပြောသည်။
.
မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၄
ရက်ထိ ပြုလုပ်ပြီး ဆုပေးပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ၂၅ ရက်တွင် ပြုလုပ်သွားမည်
ဖြစ်သည်။
.
နေ့လွှတ်အရုပ် မီးပုံးပျံများမှာ ဖွင့်ပွဲမစတင်မီ
၃ ရက်အလို နိုဝင်ဘာလ ၁၃ ရက်မှ စတင်၍ နိုဝင်ဘာ ၂၄ ရက်အထိ အဝေရာ မီးပုံးပျံကွင်းအတွင်း၌
လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ရိုးရာမီးပုံးပျံပြိုင်ပွဲအပြင်
မြို့လုံးကျွတ်ဘုံကထိန် လှည့်လည်ပူဇော်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော်ပြိုင်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲများကို
နှစ်စဉ်ကျင်းပမြဲအတိုင်း ထည့်သွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment