.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ရေကြီးရေလျှံမှုများ
ဖြစ်ပေါ်နေသဖြင့် အိမ်ထောင်စု ၂၃၀ ကျော်မှ လူဦးရေ ၆၀၀ နီးပါးကို ဘေးလွတ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့
ရွှေ့ပြောင်းထားရသည်ဟု သိရသည်။
.
.ရွှေညောင်မြို့တာယောချောင်းရေလျှံမှုနှင့် တောင်ကြီးမြို့
ကျီးဖြူကန်ရေလွှဲဆည်မှ တောင်ကျချောင်းရေများ စီးဆင်းမှုတို့ကြောင့် ညောင်ရွှေမြို့ရှိ
အနိမ့်ပိုင်းရပ်ကွက်များမှ နေအိမ်များသို့ ရေဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
ယနေ့ နိုဝင်ဘာ ၁၂ ရက်၊ နံနက် ပိုင်းအထိ ရရှိထားသည့်
အချက်အလက်များအရ ညောင်ရွှေမြို့ပေါ်ရှိ အိမ်ထောင်စု ၂၃၂ စုမှ လူဦးရေ ၅၉၆ ဦး ရေဘေးသင့်နေပြီး
ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းထားရခြင်း ဖြစ်ကြောင်း သိရသည်။
.
ရေဘေးကယ်ဆယ်ရေးစခန်းများကို ညောင်ရွှေမြို့၊ ရန်ကုန်ကျောင်း၊
ရွှေချမ်းသာဘုရားနှင့် မဟာရန်အောင်မြေဘုရား တို့တွင် ယာယီ ဖွင့်လှစ်ထားပြီး သက်ဆိုင်ရာ
တာဝန်ရှိသူများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူ များက ကူညီကယ်ဆယ်ရေးနှင့်
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.
ထို့အပြင် ရေဘေးသင့်ပြည်သူအချို့မှာ ဘေးလွတ်ရာ ဆွေမျိုးသားချင်း
နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်မှုများလည်း ရှိနေသည့်အတွက် ရေဘေးသင့်ပြည်သူစာရင်း
အရေအတွက် အတိအကျကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးချေ။
.
“မြို့အောက်ဘက်ခြမ်း မြို့လယ်ရပ်၊ ကံသာရပ်၊ ဝင်းရပ်၊
နန်းပန်ရပ် အဲဒီအနောက်ဘက် ရွာတွေ အကုန်လုံးပဲ၊ အင်းထဲ လည်း ရေတော်တော်တက်နေတယ်။ လောလောဆယ်
ကူညီကယ်ဆယ်ရေးအဖွဲ့တွေက လှေ ၄ စီးနဲ့ပဲ လုပ်နိုင်သေး တယ်။ စက်လှေနဲ့ အစားအသောက်တွေ
လိုအပ်ပါမယ်။ ကယ်ဆယ်ရေးအဖွဲ့တွေအတွက်လည်း မိုးကာနဲ့ အဝတ်အစား တွေ လိုပါတယ်” ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။
.
ယနေ့ နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၁၀ နာရီအချိန်တွင်
ညောင်ရွှေမြို့၊ ကံသာရပ်ကွက်၊ မြို့မဈေးအနောက်ဘက် လမ်းမတော်လမ်းတွင် ရေအနက် ၁ ပေခွဲခန့်ကျော်လွန်ပြီး
ကားများ သွားလာ၍မရကြောင်း သိရသည်။
.
ညောင်ရွှေမြို့နယ်အပြင် ရွှေညောင်၊ ရပ်စောက်၊ မိုင်းပွန်၊
နမ့်စန်နှင့် လွိုင်လင်မြို့များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ရေဘေးသင့်ပြည်သူများကို
ဘေးလွတ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးနေရ ကြောင်း သိရသည်။
.

No comments:
Post a Comment