ရုရှားက ယူကရိန်းစစ်မြေပြင်မှာ ကိုယ်ပိုင် Starlink စနစ် အသုံးပြုနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, November 7, 2026

ရုရှားက ယူကရိန်းစစ်မြေပြင်မှာ ကိုယ်ပိုင် Starlink စနစ် အသုံးပြုနေ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်

.

ရုရှားဟာ Starlink လိုမျိုး ကိုယ်ပိုင်တည်ဆောက်ထားတဲ့ Rassvet ဂြိုဟ်တုကွန်ရက် ကို ယူကရိန်းအပေါ် စစ်ရေး ဆက်သွယ်ရေးအတွက် စတင်အသုံးပြုနေပြီလို့ ယူကရိန်းစစ်ထောက်လှမ်းရေးက Reuters ကို ပြောပါတယ်။ ဒီစနစ်ကို အသုံးပြုပြီး ရုရှားရဲ့ တိုက်ခိုက်ရေး ဒရုန်းတွေကို ပိုတိကျအောင် ထိန်းချုပ်နိုင်ဖို့ နဲ့ အီလက်ထရွန်နစ်နည်းလမ်းတွေနဲ့ အနှောင့်အယှက်ပေးဖို့ ပိုခက်ခဲလာအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

.

.

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်လှမ်းရေးဌာန GUR အဆိုအရ ရုရှားဟာ ဒီနှစ် မတ်လနဲ့ ဇူလိုင်လမှာ Rassvet ဂြိုဟ်တု ၂ ကြိမ်ခွဲပြီး စုစုပေါင်း ၃၂ လုံး လွှတ်တင်ထားပါတယ်။ ဒါဟာ Elon Musk ရဲ့ SpaceX က လည်ပတ် နေတဲ့ Starlink ကွန်ရက်မှာရှိတဲ့ ဂြိုဟ်တု ၁၀,၀၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင် အလွန်နည်းတဲ့အရေအတွက် ဖြစ်ပါတယ်။

.

ရုရှားက ၂၀၂၆ ခုနှစ်မကုန်ခင် Rassvet ဂြိုဟ်တုတွေ ထပ်မံလွှတ်တင်ပြီး ကွန်ရက်လွှမ်းခြုံနိုင်တဲ့ နေရာတွေကို တိုးချဲ့ သွားမယ်လို့ GUR က ပြောပါတယ်။ လက်ရှိမှာတော့ ယူကရိန်းတစ်နိုင်ငံလုံးကို အဆက်မပြတ် လွှမ်းခြုံနိုင်သေးတာ မဟုတ်ဘဲ ဂြိုဟ်တုတွေ သက်ဆိုင်ရာဧရိယာအပေါ် ဖြတ်သန်း သွားတဲ့အချိန်မှာသာ ဆက်သွယ်ရေးရရှိနေပါတယ်။

.

Rassvet စနစ်က ယူကရိန်းပေါ်မှာရှိတဲ့ ရုရှားမောင်းသူမဲ့လေယာဉ်တွေနဲ့ နှစ်ဖက်အချက်အလက် ပေးပို့နိုင်ဖို့ ရည်ရွယ် ထားတာဖြစ်ပါတယ်။ ဒါကြောင့် စောင့်ကြည့်ရေးဒရုန်းတွေက အချက်အလက် တွေကို အချိန်နဲ့တပြေးညီ ပေးပို့နိုင် သလို တိုက်ခိုက်ရေးဒရုန်းတွေ ပျံသန်းနေချိန်မှာ လမ်းကြောင်းကို ပြန်လည်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက် ကြိုတင်သတ်မှတ်ထားတဲ့ ပျံသန်းလမ်းကြောင်း အပေါ် မှီခိုရမှုလည်း လျော့နည်းလာနိုင်ပါတယ်။

.

ဒီလိုလုပ်နိုင်ရင် ပစ်မှတ်နေရာ ပြောင်းလဲသွားတာနဲ့အညီ ဒရုန်းတွေက လမ်းကြောင်းပြောင်းနိုင်သလို လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကိုလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ရေရှည်မှာတော့ ရုရှားရဲ့ တိုက်ခိုက်ရေးနဲ့ ထောက်လှမ်းရေး ဒရုန်းတွေ ပိုထိရောက်လာပြီး အီလက်ထရွန်နစ်စစ်ဆင်ရေးနဲ့ ထောက်လှမ်းရေးစနစ်တွေက ကြားဖြတ်ဖမ်းယူဖို့ ပိုခက်ခဲလာနိုင်တယ်လို့ GUR ပြောရေးဆိုခွင့်ရှိသူ အန်ဒရီ ယူဆော့ဗ်က ပြောပါတယ်။

.

ကိယက်ဗ်အခြေစိုက် လုံခြုံရေးကျွမ်းကျင်သူ မိုင်ကိုလာ ဇီယန်ဆက်ဗ်ကလည်း Rassvet စနစ်ဟာ ရုရှားရဲ့ ဂျက်အင်ဂျင် သုံး ဒရုန်းတိုက်ခိုက်မှုတွေရဲ့ တိကျမှုအပေါ် သက်ရောက်မှုရှိနေပြီဆိုတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ပြောပါတယ်။ သူ့အဆိုအရ ရုရှားဟာ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်၊ တစ်ကြိမ်ကို တစ်နာရီကျော်ကြာတဲ့ အရည်အသွေးကောင်းတဲ့ ဂြိုဟ်တုဆက်သွယ်ရေးအချိန်တွေ ရရှိနေပြီး ဒါဟာ စစ်ရေးအရ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။

.

ရုရှားဟာ မူလက ယူကရိန်းမှာ တရားမဝင်ဈေးကွက်ကနေ ရရှိတဲ့ Starlink စက်တွေကို အသုံးပြုခဲ့ပေမဲ့ ဒီနှစ် အစော ပိုင်းမှာ ယူကရိန်းက SpaceX ကို တောင်းဆိုပြီး အဲဒီစက်တွေ အသုံးပြုလို့မရအောင် ပိတ်ပင်နိုင်ခဲ့ပါတယ်။ ယူကရိန်း ဘက်မှာတော့ Starlink ရဲ့ စစ်ရေးသုံး Starshield စနစ်က ဒရုန်းစစ်ဆင်ရေးနဲ့ စစ်မြေပြင်ဆက်သွယ်ရေးမှာ အရေးကြီး တဲ့ အားသာချက်တစ်ခု ဖြစ်နေပါတယ်။

.

ဒါပေမဲ့ ပြီးခဲ့တဲ့လက Starshield ရဲ့ အင်တာနက်အမြန်နှုန်းကို မမျှော်လင့်ဘဲ ကန့်သတ်ခဲ့တာကြောင့် ရုရှားဒရုန်းတွေ ကို ကြားဖြတ်ဖို့ အခက်အခဲတွေ ဖြစ်လာပြီး တိုက်ခိုက်ရေးစစ်ဆင်ရေးအချို့ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ အဲဒီ ကန့်သတ်ချက်တွေကို ဘာကြောင့်လုပ်ခဲ့တယ်ဆိုတာ ရှင်းပြထားခြင်း မရှိပေမယ့် အခုတော့ ပြန်လည်ဖြေလျှော့ပေး ထားပါတယ်။

.

ရုရှားက Rassvet စနစ်ကို တည်ဆောက်ဖို့ ပါဝင်တဲ့ ကုမ္ပဏီ ၁၀ ခုကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြီးခဲ့တဲ့အပတ်မှာ ပိတ်ဆို့အရေးယူခဲ့ပါတယ်။ အဲဒီထဲမှာ အစိုးရကျောထောက် နောက်ခံပြု စီမံကိန်းကို ညှိနှိုင်းပေး နေတဲ့ Bureau 1440 လည်း ပါဝင်ပါတယ်။ Bureau 1440 က ၂၀၃၅ ခုနှစ်အထိ ဂြိုဟ်တု ၉၀၀ ကျော်ပါဝင်တဲ့ ကွန်ရက် တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။

.

GUR က ဒီစီမံကိန်းမှာ ရုရှားနဲ့ ဘီလာရုစ်က ကုမ္ပဏီ ၄၉ ခု ပါဝင်နေတယ်လို့ ပြောပါတယ်။ ယူကရိန်း စစ်ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး ဗာဒင်မ် စကီဘစ်စကီကလည်း ရုရှားဟာ Rassvet စနစ်ကို မူလစီစဉ်ထားတာထက် ပိုမြန်မြန် လွှတ်တင်နေပြီး ယူကရိန်းအနေနဲ့ တန်ပြန်ဖို့ နည်းလမ်းတွေကို ဆွေးနွေးနေပြီလို့ သြဂုတ်လမှာ ပြောထားပါတယ်။

.

ယူကရိန်းကလည်း Rassvet ဂြိုဟ်တုတွေလွှတ်တင်ဖို့ အသုံးပြုတဲ့ ဒုံးပျံတွေ ထုတ်လုပ်တဲ့ ရုရှားနိုင်ငံ ဆမာရာဒေသက Progress ဒုံးပျံနဲ့ အာကာသစင်တာကို သြဂုတ်လမှာ တာဝေးပစ်ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောထားပါတယ်။

.

အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံတမန် ဒီနစ် စီနစ်ကလည်း Rassvet စီမံကိန်းမှာ ပါဝင်တဲ့ ကုမ္ပဏီတွေ ကို အမေရိကန်က ထပ်မံပိတ်ဆို့အရေးယူဖို့ တောင်းဆိုထားပါတယ်။ ရုရှားဟာ ဒီ Starlink ပြိုင်ဘက်စနစ်ကို တရုတ် နိုင်ငံထုတ် အစိတ်အပိုင်းတွေ အသုံးပြုပြီး တည်ဆောက်နေတယ်လို့လည်း သူက Reuters ကို ပြောပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ ယူကရိန်းရဲ့ ထပ်မံပိတ်ဆို့အရေးယူပေးဖို့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

.

Ref – Reuters

.

No comments:

Post a Comment

Pages