တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလ အမှိုက်ကင်းစင်ရေး လှုပ်ရှားမှု ဆောင်ရွက်မည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, November 8, 2026

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလ အမှိုက်ကင်းစင်ရေး လှုပ်ရှားမှု ဆောင်ရွက်မည်

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်

.

ရှမ်းပြည်နယ်မြို့တော် သန့်ရှင်းသာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် ရည်ရွယ်ပြီး The Sphere-Taunggyi အဖွဲ့က ‌တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်း အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

The Sphere-Taunggyi အဖွဲ့၏ ပထမဦးဆုံး လှုပ်ရှားမှုအဖြစ် အဝေရာမီးပုံးပျံကွင်း၌ ပွဲတော်ကာလအတွင်း အမှိုက် ကင်းစင်ရေး လှုပ်ရှားမှုကို ဆောင်ရွက်ခြင်းဖြစ်ပြီး စနစ်တကျ အမှိုက်စွန့်ပစ်စေရေးနိုင်အတွက် လိုအပ်သည့် ပစ္စည်း များနှင့် လူငယ်အချို့ကို ရှမ်းတောင် ပရဟိတ လူငယ်များကွန်ရက်က ထောက်ပံ့ကူညီပေးမည်ဖြစ်ကာ ပရဟိတ လုပ်ဆောင်မည့် လူငယ်များကို ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

.

“ပွဲကာလဆိုတော့ အမှိုက်ကတော့ပွ မှာပဲ။ ဒါပေမဲ့ ကျွန်မတို့ ထားပေးတဲ့ အမှိုက်ပုံးတွေကြောင့်၊ ကပ်ထားတဲ့ ဆိုင်းဘုတ်တွေကြောင့် ပွဲလာလည်တဲ့သူတွေ အကုန်မဟုတ်ရင်တောင် လက်လှမ်းမီသလောက် အမှိုက်ကို စနစ်တကျ စွန့်ပစ်တဲ့ အလေ့အကျင့်လေး ရသွားဖို့ ရည်ရွယ်ပါတယ်” ဟု The Sphere အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

.

The Sphere အဖွဲ့အနေဖြင့် ပြင်ပမှ ငွေကြေးထောက်ပံ့မှု ရရှိထားခြင်း မရှိဘဲ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် မြို့တော် တောင်ကြီး သာယာလှပရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

The Sphere-Taunggyi အဖွဲ့မှ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်း အဝေရာမီးပုံးပျံကွင်း၌ အမှိုက် ခြင်းများကို ချထားပေးသွားမည် ဖြစ်ပြီး နေ့စဉ် နံနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်း တစ်ကြိမ် အမှိုက်ခြင်းများကို စစ်ဆေး သိမ်းဆည်းခြင်းများ ပြုလုပ် သွားမည်ဖြစ်ကာ ပွဲတော်အပြီးတွင် တစ်ကွင်းလုံး အမှိုက်ကောက်သန့်ရှင်းရေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ အမှိုက်ကောက်လှုပ်ရှားမှု ဆောင်ရွက်ရန်အတွက် စေတနာရှင် ပရဟိတလူငယ်များကို ဖိတ်ခေါ်လျက် ရှိကြောင်း သိရသည်။

.

The Sphere အဖွဲ့သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူထုအကျိုးပြုလုပ်ငန်းများတွင် လူငယ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည့် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၂၆ ခုနှစ် မိုးရာသီအတွင်း သစ်ပင်စိုက်ပျိုးခြင်း၊ အမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများကို အခြားသော ပရဟိတအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း လူငယ်များနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

တောင်ကြီးမြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် အဝေရာမီးပုံးပျံကွင်း အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကြောင့် အရုပ်ဆိုး အကျည်းတန်နေပြီး မြို့တော် သာယာလှပရေးကို ထိခိုက် စေသည်ဟု ဒေသခံများထံက သိရသည်။

.

တန်ဆောင်တိုင်ပွဲတော် မစတင်မီ လွန်ခဲ့သည့် တစ်လခန့်မှ စတင်၍ အဝေရာမီးပုံးပျံကွင်းအတွင်း နေ့စဉ် ညနေပိုင်း အချိန်များ၌ လာရောက်လည်ပတ်သူများဖြင့် စည်ကားနေပြီး လည်ပတ်သူအချို့၏ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများ ကြောင့် အရုပ်ဆိုးအကျည်းတန်နေခြင်းဖြစ်ကာ စည်ပင်သာယာရေးဌာနမှ ပုံမှန် အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း နိုင်နင်းမှုမရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အနေဖြင့် အဝေရာမီးပုံးပျံကွင်းအတွင်း စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှု မရှိစေရေးအတွက် အမှိုက်ပုံးများကို စနစ်တကျ ထားရှိပေးထားသော်လည်း လိုက်နာမှု အားနည်း နေခြင်းဖြစ်သည်ဟု သိရသည်။

.

“စည်ပင်ကလည်း နိုင်သလောက်တော့ ရှင်းနေတာပဲ။ ဒါပေမဲ့ တကယ်တမ်း မနိုင်ဘူး ပြောရမှာပါ။ အမှိုက်ပစ်ဖို့ အမှိုက်ပုံး ထားပေးတယ်။ ပုံးတွေပါ ပျောက်သွားတယ်။ ဆိုင်းဘုတ် ထားပေးတယ်၊ ဆိုင်းဘုတ် တွေပါ ဖျက်ဆီးသွားတယ်။ အားလုံး စည်းကမ်းရှိဖို့ လိုတာပါ” ဟု စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

အဝေရာမီးပုံးပျံကွင်းအပြင် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်လမ်းများ၊ အများပြည်သူ သွားလာလည်ပတ်ရာ တောင်ကြီး View Point ကဲ့သို့သော နေရာများတွင်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ရှိနေပြီး မြို့အင်္ဂါရပ်ကို အရုပ်ဆိုးအကျည်းတန်စေသည့်အပြင် ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရ ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

No comments:

Post a Comment

Pages