ရွှေမိုင်းယောင်းသားတို့၏ ရင်ထဲက မဟာ(သို့မဟုတ်)ထပ်လုံ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, January 19, 2026

ရွှေမိုင်းယောင်းသားတို့၏ ရင်ထဲက မဟာ(သို့မဟုတ်)ထပ်လုံ


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာအုပ်စု ဝမ်တောင်းကျေးရွာအနီး မဟိယင်္ဂဏတောင်ကုန်းပေါ်ရှိ ထပ်လုံ(ဓာတ်လုံစွမ်ယောင်း) စေတီတော် မြတ်သည် မိုင်းယောင်းမြို့၏ အမြင့်မြတ်ဆုံးနှင့် ရှေးအကျဆုံး သမိုင်းဝင်စေတီ တစ်ဆူဖြစ်ပြီး ဂေါတမမြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူနှင့် ဓာတ်တော်လေးဆူတို့ဖြင့် ဌာပနာထားသည့် စေတီတော်မြတ်ကြီးဖြစ်သည်။

.

ထပ်လုံစေတီတော်ကို အေဒီ ၁၁ ရာစုက ရဟန္တာလေးပါးနှင့် မိုင်းယောင်းနယ်ကို မင်းပြုသော ဖရာသုလင်္ဂဝတ္တိမင်းက ဦးဆောင်လျက် နယ်သူနယ်သားများနှင့်အတူ တန်ဆောင်မုန်းလပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ တည်ထားကိုးကွယ်ခဲ့ကြောင်း၊ မြန်မာသက္ကရာဇ် ၉၈၂(ခရစ်နှစ် ၁၆၂ဝ)ခုနှစ် တွင် နယ်စားမင်း စဝ်ဖစက္ကမဏီက စေတီတော်ကို ပိုမိုခိုင်ခန့်အောင် ပြုပြင်မွမ်းမံခဲ့ကြောင်း၊ မြန်မာသက္ကရာဇ် ၁၁၃ဝ(ခရစ်နှစ် ၁၇၆၈)ခုနှစ်တွင် စဝ်ဖကောင်ခမ်းဖူးက စေတီတော်အုတ်တံတိုင်း ကာရံခြင်း၊ နဂါးရုပ် လေးကောင်နှင့် စေတီတော် မြောက်ဘက်မုခ်ဦး အတက်လှေကားတို့ကို တည်ဆောက်ခဲ့ကြောင်း သိရသည်။

.

ထို့အတူ မြန်မာသက္ကရာဇ် ၁၁၄၇(ခရစ်နှစ် ၁၇၈၅)ခုနှစ်တွင် စဝ်မွမ်ဇေယျဝံသာက စေတီတော်ကို လေးတောင် ထပ်မြှင့်၍ ပြုပြင်တည်ဆောက်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၆ဝ(ခရစ်နှစ် ၁၈၉၈) ခုနှစ်တွင် စဝ်မွမ်ခမ်းအဲန်က စေတီတော် အတက်လမ်းကို လေးထောင့်ကျောက်ပြားများဖြင့် ခင်းကျင်းပေးခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၈၄(ခရစ်နှစ် ၁၉၂၂)ခုနှစ်တွင် မိုင်းယောင်းစော်ဘွား ကျောက်မွမ်ပျဲန်းမုန်းက လွယ်ကူအဆင်ပြေစွာ ဖူးမြော်ကြည်ညိုနိုင်ရန် လမ်းသစ်ဖောက်လုပ်ပေးခဲ့သည်။

.


ထို့နောက် မြန်မာသက္ကရာဇ် ၁၃၃၅(ခရစ်နှစ် ၁၉၇၃)ခုနှစ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဝမ်ပုံကျောင်းတိုက်ဆရာတော် ဦးဂန္ဓရသက ဦးဆောင်၍ စေတီတော်ပုလ္လင်တော်နှင့် ဘုရားရင်ပြင် တော်တို့ကို တိုးချဲ့ပြုပြင်မွမ်းမံခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၅၁(ခရစ်နှစ် ၁၉၈၉)ခုနှစ်တွင် တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ဓမ္မသီရိအရှင်မြတ်က ထီးတော်အသစ် တင်လှူခြင်း၊ ထီးတော်မှ ခေါင်းလောင်းတော်အဆင့်နှင့် အောက်ခြေပစ္စယံအဆင့်အထိ ရွှေပြား သင်္ကန်းနှင့် ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စေတီတော် သည် ခြေတော်အချင်း ၁၂ ပေနှင့် ဉာဏ်တော် အမြင့် ၅၄ ပေ ရှိကြောင်း သိရသည်။

.

မြန်မာသက္ကရာဇ် ၁၃၆ဝ(ခရစ်နှစ် ၁၉၉၈)ခုနှစ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိ စာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော ဦးဆောင်၍ စေတီတော် ရင်ပြင်တော်နှင့် စေတီတော် အတက် မြေသားလမ်းကို တိုးချဲ့ကွန်ကရစ်ခင်းခြင်းများအပါအဝင် ဘက်စုံပြုပြင်ခဲ့သည့်အပြင် မြန်မာသက္ကရာဇ် ၁၃၇၉ (ခရစ်နှစ် ၂ဝ၁၇)ခုနှစ်တွင် စေတီတော်၏ ထီးတော်ကို ရွှေသားစစ်စစ်ဖြင့် ပြုလုပ်ပူဇော်ခဲ့သည်။

မြန်မာသက္ကရာဇ် ၁၃၆၉ (ခရစ်နှစ် ၂ဝဝ၇)ခုနှစ်တွင် တာချီလိတ်မြို့ မိုင်းဖုန်းအုပ်စု လွမ်တုံခမ်း ဆရာတော် ဦးမဟာခမ်းကျောက်က စေတီတော်ကို ကိုယ်လုံးတော်ပြည့် ရွှေပြားသင်္ကန်း ကပ်လှူ ပူဇော်ခဲ့သည်။

.


ထပ်လုံစေတီတော် စတင်တည်ထားကိုးကွယ်သည့်ရက်ကို အစွဲပြု၍ ဘုရားပွဲကို နှစ်စဉ် တန်ဆောင် မုန်းလပြည့်နေ့တွင် မီးမျှောပွဲနှင့်အတူ ကျင်းပရာ ပွဲတော်ကာလတွင် ဒေသခံ တိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ အထူးစည်ကားစွာ လာရောက်လေ့ရှိကြသည်။

ဤကဲ့သို့ ခေတ်အဆက်ဆက်က မိုင်းယောင်းနယ်သား တိုင်းရင်းသားတို့၏ နှလုံးအိမ်တွင် မြတ်နိုး တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည့် ဓာတ်လုံစွမ်ယောင်း စေတီတော်မြတ်အား ရွှေမိုင်းယောင်းသားတို့၏ ရင်ထဲက မဟာ (သို့မဟုတ်) ထပ်လုံဟု တင်စားခေါ်ဆိုလိုက်ရပါကြောင်း။ ။

.

စိုင်းအောင်ဇော်လင်း

No comments:

Post a Comment

Journal Download

Photo of three cats

Pages