အနည်းဆုံး မတည်ငွေ သတ်မှတ်ချက်ကြောင့် လူမှုရေးအသင်းအဖွဲ့အချို့ ရပ်နားရဖွယ် ရှိနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, March 23, 2026

အနည်းဆုံး မတည်ငွေ သတ်မှတ်ချက်ကြောင့် လူမှုရေးအသင်းအဖွဲ့အချို့ ရပ်နားရဖွယ် ရှိနေ

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်

.

လူမှုရေးအသင်းအဖွဲ့များအား အနည်းဆုံး မတည်ငွေအဖြစ် သိန်း ၅၀၀ ကျပ် အမြဲတမ်းထားရှိရန် သတ်မှတ် ချက်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ လူမှုရေးအသင်းအဖွဲ့အချို့ ရပ်နားရဖွယ် ရှိနေကြောင်း သိရသည်။

.

.

ပြည်တွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ အနေဖြင့် ပြည်နယ်နှင့်တိုင်း မှတ်ပုံတင် မတည်ငွေအဖြစ် ကျပ်သိန်း ၅၀၀ နှင့် ပြည်ထောင်စုအဆင့် အသင်းအဖွဲ့များကို မတည်ငွေအဖြစ် ကျပ်သိန်း ၁၀၀၀ ဘဏ်စာရင်းတွင် အမြဲတမ်း ထားရှိရန် ညွှန်ကြားသတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

.

“သိန်း ၅၀၀ နဲ့ပတ်သက်ပြီး လုံးဝမဖြစ်သင့်တဲ့အရာပေါ့။ အသင်းရဲ့ နှစ်စဉ် စာရင်းစစ်ပြီးပြီ။ လက်ကျန်ငွေက ၃ သိန်းလောက်ပဲရှိတော့တာ။ ရှိတဲ့ပိုက်ဆံကလည်း လှူစရာတွေချည်းပဲလေ။ အကုန် အများကြီးသုံးပြီး လှူရတဲ့ အလှူဆိုတော့ အသင်းအဖွဲ့မှာ ငွေကြေးမရှိပါဘူး” ဟု မဟာဝီရရက္ခိတ လူမှုကူညီရေးအသင်းမှ ဦးဝင်းကြည်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ လူမှုကူညီရေးအသင်းအဖွဲ့များ၏ မတည်ငွေ ထားရရှိမည့် ပမာဏကို တရားဝင်သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယင်း မတည်ငွေသည် ဘဏ်စာရင်းတွင် အမြဲတမ်းရှိရမည့် အနည်းဆုံးလက်ကျန်ငွေ ဖြစ်သည့်အတွက် မတည်ငွေမှ ထုတ်ယူသုံးစွဲခွင့်မရှိဘဲ အမှန်တကယ် ထားရှိခြင်းရှိ/မရှိကို ၃ လတစ်ကြိမ် စိစစ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

“သူ့ရဲ့ ဥပဒေထဲမှာတော့ ရန်ပုံငွေကိစ္စ စိစစ်ခံဖို့ပဲပါတယ်။ ရန်ပုံငွေဘယ်လောက်ရှိရမယ်လို့ ဥပဒေထဲမှာ မပါထားဘူး။ အခုမှ ညွှန်ကြားတာပါ။ အဲဒီလို သတ်မှတ်လာရင်တော့ အသင်းအဖွဲ့ ဖျက်သိမ်းရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

ထို့အပြင် အစိုးရမဟုတ်သည့် နိုင်ငံတကာအသင်းအဖွဲ့များအတွက် မတည်ရန်ပုံငွေ အဖြစ် ကျပ်သိန်း ၃၀၀၀ ကို သက်ဆိုင်ရာအသင်းအဖွဲ့၏ ဘဏ်စာရင်းတွင် အမြဲတမ်း ထားရှိရမည်ဖြစ်ပြီး အသင်းအဖွဲ့များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာ ဒေသရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ ၃ လတစ်ကြိမ် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

.

ထိုသို့ တင်ပြရာတွင် ဘဏ်ရှင်းတမ်း အပါအဝင် လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများကို ထည့်သွင်း ဖော်ပြရမည်ဖြစ်ပြီး တင်ပြချက် မိတ္တူကို သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့အပြင် လုပ်ငန်းဆက်စပ်သည့် အစိုးရ ဌာနအဖွဲ့အစည်းများကိုလည်း ပေးပို့တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages