တောင်ကြီးမြို့ကို သျှောင်ထုံးဖို့ တောမီးကိုလည်း ထိန်းကြစို့ (ဆောင်းပါး) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Wednesday, April 29, 2026

တောင်ကြီးမြို့ကို သျှောင်ထုံးဖို့ တောမီးကိုလည်း ထိန်းကြစို့ (ဆောင်းပါး)

 


ကျွန်တော်တို့ တောင်ကြီးရောက်စက ဆောင်းတွင်းဆိုရင် မြက်ပင်လေးတွေပေါ်မှာ နှင်းတွေ သီးနေတာပေါ့။ နွေရာသီဆိုရင်လည်း အခုလောက်ကြီး မပူပါဘူး။ ရာသီဥတုက နွေရာသီမှာတောင် နေလို့ထိုင်လို့ ကောင်းနေတာမျိုး။ အခုနှစ်တွေ ကြာလာတော့ တောင်ကြီး ရာသီဥတုကတောင် ဗမာပြည် (မြေပြန့်ဒေသ) ပုံစံမျိုး ဖြစ်နေတယ်။ သိသိသာသာကြီး ပြောင်းလဲသွားတယ် ပြောရမှာပေါ့။” တဲ့။ မြန်မာပြည် အလယ်ပိုင်း ပူလောင်ပြင်းပြတဲ့ ဒေသကနေ အေးမြတဲ့ ရှမ်းပြည်ရဲ့ ရင်ငွေ့ကို ပြောင်းရွေ့ခိုလှုံ ရောက်ရှိနေတဲ့ အပူပိုင်းသား တစ်ဦးရဲ့ ပြောပြသလိုလိုနဲ့ ညည်းတွားတဲ့ စကားသံပါ။

.

ဒီတောင်တန်းကြီးပေါ်ကို အခြေချနေထိုင်လာတာ နှစ်ပေါင်း ၃၀ ကျော်ပြီလို့လည်း ဆိုပါတယ်။ သူ နေထိုင်လာတဲ့ နှစ်ကာလတွေ အတွင်း ပြောင်းလဲသွားတဲ့ ရာသီဥတုက သူ စတင် အခြေချစဉ်ကနဲ့ အများကြီး ကွာခြား‌သွားပြီလို့ ဆိုပါတယ်။

.

အပူပိုင်းဒေသသား တစ်ယောက်က ပူလောင်ပြင်းပြခြင်းတွေကို ညည်းတွားပြနေရင် တောင်ပေါ်ဒေသ ငယ်မွေး ခြံပေါက်တွေအတွက်တော့ ဆိုဖွယ်ရာ မရှိ။ နှစ်အပိုင်းအခြားတွေ အတွင်း တောင်ကြီးမြို့တော်ရဲ့ ရာသီဥတု ပြောင်းလဲခြင်းတွေ သိသာလာတယ်။ မြက်ခင်းပေါ် နှင်းသီးလောက်အောင် အေးမြခြင်းတွေ နတ္ထိ။ မိုးရာသီ ရောက်လာခဲ့ရင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုတွေကြောင့် ရေဆိုးမြောင်းပိတ်တဲ့ ဒဏ်ကို အလူးအလဲ ခံကြရတယ်။ ‌နွေရာသီ ရောက်တိုင်း လောင်မြိုက်ခြင်းတွေက အလျှံတညီးညီး။

.

အပူပိုင်းသား ဆိုသလို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က တောင်ကြီးမြို့ရဲ့ မြက်ခင်းပြင်တွေပေါ်မှာ နှင်းစက်တွေ သီးခဲ့ဖူးပါတယ်။ နှင်းစက်တွေ သီးနေအောင်လည်း မြို့တော်တောင်ကြီးရဲ့ ရာသီဥတုက မျှတ ကောင်းမွန်ခဲ့တယ်။ ဒီလို မျှတနေအောင် သစ်ပင်သစ်တောတွေက မြို့လေးရဲ့ ခေါင်မိုး ဖြစ်ခဲ့ဖူးပါတယ်။

.

ကုန်ဆုံးသွားတဲ့ အချိန်ကာလတွေအတွင်း မြို့လေးရဲ့ ခေါင်မိုးဖြစ်တဲ့ သစ်ပင်သစ်တောတွေ မြို့တွင်းမြို့ပြင် တစ်ခွင်လုံး ပျောက်ဆုံးလာတယ်။ တိုးပွားလာတဲ့ အဆောက်အဦတွေက ဝါးမျိုသွားတာလား၊ မြို့ပြ ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှာ စတေး ခံလိုက်ကြရတာလားတော့ မပြောတတ်။ သေချာတာကတော့ အုံ့ဆိုင်းတဲ့ သစ်ပင်တွေ မရှိတော့တဲ့အတွက် မြက်ခင်းပေါ်က နှင်းစက်တွေ ပျောက်ဆုံးသွားခြင်းပါပဲ။

.

ဒီလို ပျက်စီးသွားတဲ့ အခြေအနေကို ကုစားနိုင်ဖို့ မြို့ခံတချို့ တတ်အားသ၍ ဆောင်ရွက်လာနေကြတယ်။ ပျောက်ဆုံးသွားတဲ့ သစ်ပင်တွေအတွက် အစားထိုး စိုက်ပျိုးဖို့ လုပ်ကိုင်ကြရပါတယ်။ သို့သော် မြို့ခံတချို့လို့သာ ဆိုပါတယ်။ အမှန်တကယ်တော့ မြို့နေ လူအများဖြစ်ရင် ပိုသင့်တော်မယ်လို့ ထင်မြင်မိတယ်။ လူတချို့သာ ဆောင်ရွက်နေပြီး လူအများက ထိုင်ကြည့်နေရင် ခရီးပေါက်ဖို့ ခက်ခဲနိုင်တယ်။

တချို့ဆို တောင်တွေ ဖြိုပြီး စီးပွားဖြစ်လာတာကို ဖုံးကွယ်ချင်တော့ ပန်းလေးတွေ စိုက်ပြပြီး နာမည်ကောင်း လိုချင်နေသူတွေကိုလည်း မြင်တွေ့မိနေပြန်ပါတယ်။

အရေးအကြီးဆုံး တစ်ချက်က တောင်ကြီးမြို့ အရှေ့ဘက်မှာ တောင်နဲ့ မြောက် သွယ်တန်းနေတဲ့ ရွှေဘုန်းပွင့် တောင်တန်းကြီးကို ထူထဲနက်မှောင်တဲ့ သျှောင်ထုံးကြီး ဆင်နိုင်ဖို့ပါ။ လတ်တလော တောင်တန်းကြီးရဲ့ အခြေအနေက အသက် ၈၀ အဖိုးအို ခေါင်းထက်က ဆံသားလို ကျဲပါးပြီး ကုန်ဆုံးစ ပြုနေပါတယ်။ သစ်ဟောင်း ပင်ဟောင်း တချို့သာ ကြံ့ကြံ့ခံနေပြီး ပျိုမြစ်သစ်လွင်တဲ့ ပင်ပျိုပင်ကောင်းတွေ ခေါင်း မထောင်နိုင်ကြသေးပါဘူး။

.

ပင်ပျိုတွေ ခေါင်းမထောင်နိုင်တဲ့ အဓိက အကြောင်းရင်းကို လိုက်‌တော့ တောမီး လောင်ကျွမ်းခြင်းကိုပဲ လက်ညှိုး ထိုးရမလို ဖြစ်နေတယ်။ တောင်ကတုံးကို သျှောင်ထုံးနိုင်ဖို့ သစ်ပင်ချစ်သူတွေက မိုးဦးကျတိုင်း စိုက်ကြပျိုးကြတယ်။ မိုးရာသီနဲ့ ဆောင်းတစ်ခို သစ်ပင်ပေါက်လေးတွေ တက်လာပါလိမ့်မယ်။ အစ ပြုလာတဲ့ သစ်ပင်ပေါက်လေးတွေက နွေရာသီ ရောက်တိုင်း တောမီးရဲ့ လောင်ကျွမ်း ဝါးမျိုခြင်းကို ခံလိုက်ကြရတယ်။

.

တောင်ကြီးမြို့ အရှေ့ဘက်မှာရှိတဲ့ ရွှေဘုန်းပွင့် တောင်တန်းကြီးက‌ မြို့လေးရဲ့ ရာသီဥတုကို မျှတစေမယ့် ခေါင်မိုးကြီးလို့ ဆိုနိုင်ပါတယ်။ သဘာ၀ တရားက ဖန်တီးပေးထားတဲ့ လက်ဆောင်ကောင်း တစ်ခုပေါ့။ ဒီလို ကြီးမားတဲ့ ဆုလာဘ်ကြီးကို ထိန်းသိမ်းနိုင်ဖို့က မြို့လေးရဲ့ အရိပ်အောက်မှာ ခိုလှုံနေကြသူတိုင်းရဲ့ တာ၀န် တစ်ရပ်။

.

အခု နှစ်အပိုင်းအခြားတွေအတွင်း တောင်ကြီးမြို့ရဲ့ ရာသီဥတုက ပူလောင်ခြင်းတွေတိုး လာတယ်လို့ ဆိုကြတယ်။ မှတ်ချက်ပြုတဲ့ စကားလုံးတွေ အတိုင်းလည်း မှန်ကန်နေခဲ့ပါတယ်။ အရှေ့ဘက် တောင်တန်းကြီးပေါ်ကို သစ်ကောင်းသစ်ပင်တွေ စိုက်နိုင်၊ ဖြစ်ထွန်းလာအောင် ပြုစုနိုင်ရင် ကောင်းလိမ့်မယ်လို့ တချို့က ဆိုတယ်။ သစ်ပင်တွေက စိုက်ရုံနဲ့ ဖြစ်ထွန်းလာတာမျိုးတော့ မဟုတ်။ ဖြစ်ထွန်းအောင် စောင့်ရှောက်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။

.

တောင်တန်းကြီးပေါ်မှာ စိုက်ပျိုးတဲ့ သစ်ပင်တွေ ဖြစ်ထွန်းလာခြင်း မရှိတဲ့ အကြောင်းတရားက တောမီး လောင်ကျွမ်းခြင်းလည်း ပါနေတယ်။ သစ်ပင်သစ်တောတွေ ပျက်စီးစေတဲ့ တောမီးက နှစ်စဉ်နှစ်တိုင်း သူ့အလိုလို လောင်နေတာလား၊ လက်သည် တရားခံတွေက ရှို့နေကြလားဆိုတာတော့ ဝိုင်း၀န်း အဖြေရှာရမယ့် ပုစ္ဆာတစ်ခု။ နောက်ပုစ္ဆာကတော့ တောင်ပေါ်မှာ လူဘယ်တော့မှ တွေ့မနေရတဲ့ မီးကင်းစောင့်တဲ့ တဲတွေ ကိစ္စပေါ့။

.

တောမီး လောင်ကျွမ်းခြင်းကို ထိန်းသိမ်းနိုင်ခြင်း မရှိရင် မိုးဦးကျ စိုက်သမျှ သစ်ပင်တွေက သမင် မွေးရင်း ကျားစားရင်း ဆိုတဲ့ စကားပုံလို ခေါင်းထောင်လာနိုင်ဖို့က လမ်းမမြင်။ တောမီး လောင်ကျွမ်းတိုင်း သက်ဆိုင်ရာတွေအနေနဲ့ အဖြေ မထုတ်နိုင်တာလည်း ချင့်ချိန်စရာ တစ်ခု။

.

မကြာခင် မိုးဦးကျ ချိန်ခါရာသီ ရောက်လာပါတော့မယ်။ သစ်ပင်ချစ်သူတွေက အရှေ့ဘက် တောင်ကတုံးကို သျှောင်ထုံးနိုင်အောင် ကြိုးစားကြလိမ့်မယ်။ ကြိုးစားသမျှ အရာထင်အောင် အချိန်တန်တိုင်း ထလောင်တတ်တဲ့ တောမီးပြဿနာနဲ့ လူမရှိတဲ့ မီးကင်းစောင့်တဲကိစ္စကိုလည်း ဝိုင်း၀န်း အဖြေရှာကြဖို့ လိုအပ်နေပြီး ဖြစ်ပါတယ်။

မိုးဦးကျ သစ်ပင်စိုက်နွေတောမီးက ဝါးမျိုလိုက်ဆိုရင်ဖြင့် တောင်ကတုံးကို သျှောင်ထုံးဖို့ အလှမ်း ဝေးနေဦးမယ်ဟုသာ။ ။

.

အောင်ဆန်းဝင်း

No comments:

Post a Comment

Pages