ပူတယ်ဆိုရင် သစ်ပင် မခုတ်ပါနဲ့ (ဆောင်းပါး) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Wednesday, April 22, 2026

ပူတယ်ဆိုရင် သစ်ပင် မခုတ်ပါနဲ့ (ဆောင်းပါး)

 


ယနေ့ လူတိုင်း ပါးစပ်ဖျားမှာ ပြောဖြစ်နေသော စကားလုံးတွေက အရမ်း ပူလာတာပဲ”၊ “တောင်ကြီး က အရင်လို မဟုတ်တော့ဘူး။ အရမ်း ပူလာပြီ” တို့ပဲ ဖြစ်ပါတယ်။ ‌တောင်ကြီးတင်မက ရှမ်းတောင်ဒေသ တစ်ခုလုံးမှာ နွေရာသီ ရောက်တိုင်း နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်လာပါတယ်။

.

မြန်မာနိုင်ငံမှာ နှစ်စဉ် ဧပြီလဟာ အပူဆုံးလ ဖြစ်တဲ့အတွက် အဲဒီဒဏ်ကို ဧပြီလမှာ တော်တော်လေး ခံစား ရပါတယ်။ မြန်မာပြည်အလယ်ပိုင်းက မင်းဘူးတို့၊ ချောက်တို့ဆိုရင် အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေကို ကျော်တက်ပြီး ကမ္ဘာ့အပူဆုံးမြို့ စာရင်းတွေမှာ နေ့စဉ်လိုလို ပါဝင်နေတာကို နိုင်ငံတကာ မိုးလေဝသ အေဂျင်စီတွေရဲ့ ထုတ်ပြန်ချက်တွေ၊ သတင်းတွေမှာ မြင်တွေ့နိုင်ပါတယ်။

.

တခြား မကြည့်နဲ့လေ မြို့တော်တောင်ကြီးရဲ့ အထင်ကရ အရှေ့ဘက် တောင်တန်းကြီးကို ကြည့်ပါဦး။ အရင်ကဆို တစ်တောင်လုံး စိမ်းစိုပြီး သစ်ပင်သစ်တောတွေ ဖုံးနေတဲ့ အရှေ့ဘက် တောင်တန်းကြီးဟာ အခုတော့ သစ်ပင် ကြိုးတိုကြဲတဲနဲ့ တောင်ကတုံးကြီး မဖြစ်ရုံတမယ်ပဲ ကျန်တော့တာပါ။ မြို့ထဲကနေ လှမ်းကြည့်လိုက်ရင် သစ်ပင်တွေကြားက ဘုရားစေတီ၊ အဆောက်အဦတွေနဲ့ ကျောက်တောင် ပြောင်ပြောင်ကြီးကို အတိုင်းသား မြင်တွေ့နေရပါတယ်။ စာရေးသူတို့ ငယ်ငယ်က ဆိုရင် ဒီလို မမြင်ရတတ်ပါဘူး။

.

မြို့လူဦးရေ ထူထပ် သိပ်သည်းလာတာရယ် မြို့ပြ အဆောက်အအုံတွေ တိုးချဲ့လာတာ၊ သစ်ပင် သစ်တောတွေ ခုတ်ထွင်တာ၊ ကျောက် ထုတ်ယူတာတွေကြောင့် တောင်ကြီး တောင်တန်းကြီးဟာ အရင်လို မစိမ်းစိုနိုင်တော့တာ အမှန်ပါ။

.

ထို့အတူ ကလောမြို့နယ်၊ အောင်ပန်းကြိုးဝိုင်းတောနဲ့ မြင်းက ကလောကြိုးဝိုင်းတော ဆက်စပ်နေတဲ့ တောင်တို ဘုန်းကြီးကျောင်း အနီးမှာလည်း ထင်းရှူးပင်တွေ အများပြား မီးမြိုက် ခုတ်လှဲ ခံထားရတဲ့ ဓါတ်ပုံတွေကို စိတ်မချမ်းမြေ့ဖွယ် တွေ့ခဲ့ရပါတယ်။ ဒီလို ထင်းရှူးပင်ကြီးတွေ ပြန်ဖြစ်လာဖို့ ဆိုတာ နှစ်တွေ အကြာကြီး ပြုစုပျိုးထောင်ရသလို စိုက်တဲ့အပင်တိုင်းလည်း အောင်မြင်နိုင်တာ မဟုတ်ပါဘူး။

.

ကလောမြို့ကို ထင်းရှူးမြို့တော်လို့ လူသိ များလှပြီး ထင်းရှူးတောများဟာ ကလောမြို့ရဲ့ အထိမ်းအမှတ် သင်္ကေတ ဖြစ်ပါတယ်။ ထင်ရှူးတောတွေဟာ တစ်နှစ်ပတ်လုံး စိမ်းလန်းတဲ့ အပင်တွေ ဖြစ်ပြီးတော့ တောင်ပေါ်ဒေသအတွက် အေးမြစိမ်းစိုတဲ့ ရာသီဥတုကို ထိန်းညှိပေးနေတဲ့ သစ်တောများလည်း ဖြစ်ပါတယ်။

.

လူဦးရေ တိုးတက်လာမှု၊ စိုက်ပျိုးမြေ တိုးချဲ့လာမှုတွေနဲ့ ဒေသဖွံ့ဖြိုးရေး ဆိုတဲ့ ခေါင်းစဉ် အမျိုးမျိုးအောက် ကနေ ထင်းရှူးပင်တွေ နှစ်စဉ် လျော့နည်းလာနေရတာ ရင်နာစရာ ကောင်းလှပါတယ်။

.

ဒီဒဏ်တွေကို အားလုံး ခံစားနေကြရတာ ဆိုပေမဲ့ အသိသာဆုံးကတော့ ကမ္ဘာကျော် အင်းလေးကန် ဒေသကြီးက ဒီဒဏ်ကို နှစ်စဉ် အလူးအလဲ အခံစားရဆုံးလို့ ပြောနိုင်ပါတယ်။ မြေဆီလွှာကို ထိန်းသိမ်း ပေးနိုင်တဲ့ သစ်တောသစ်ပင်တွေ လျော့နည်းလာတာနဲ့အမျှ မိုးရာသီဆိုရင် အဲဒီမြေဆီတွေက အင်းလေး ကန်ကြီးထဲကို နုန်းတွေအဖြစ် အလုံးအရင်းနဲ့ ဝင်ရောက် လာပြီးတော့ အင်းလေးမှာ မိုးကြီးတိုင်း ရေကြီးရေလျှံ ဖြစ်ရပါတယ်။

.

တစ်ခါ နွေရာသီ ရောက်ပြန်တော့လည်း အင်းလေးကန်မှာပဲ ရေခန်းခြောက်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရ ပြန်ပါတယ်။ ဒီလိုဖြစ်နေတာဟာ တစ်နှစ်လည်းမဟုတ်တော့ဘူး၊ နှစ်နှစ်လည်း မဟုတ်တော့ဘူး။ နှစ်စဉ်လို ဖြစ်နေတာပါ။ ဒီဒဏ်တွေကို ကုစားနိုင်ဖို့ ဆိုရင်လည်း အင်းသူ/အင်းသားတွေ သာမကဘဲ အင်းလေးကန် ရေဝေရေလဲဒေသကြီး တစ်ခုလုံးက ဝိုင်းဝန်းထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

.

ရှမ်းတောင်မှာ တစ်နှစ်ထက် တစ်နှစ် ပိုပြီး ပူလာတယ်။ ရေတွေ ခန်းခြောက်လာတယ်။ သစ်ပင်တွေ အခုတ်ခံထားရတာကြောင့် အဓိက ကျတာပေါ့” လို့ တောင်ကြီး ဒေသခံတစ်ဦးက ပြောပါတယ်။

.

ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်းကပဲ အင်းလေးကန်ဒေသ၊ အင်းတိမ်ချောင်းမှာ ရေလျော့နည်းလာတဲ့အတွက် စက်လှေတွေ သွားလာလို့ မရတော့ဘူး ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ အင်းတိန်ချောင်းရိုး တစ်လျှောက် သဲသောင်များ ပေါ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

.

ဒါအပြင် ဟဲယာရွာမမှာလည်း ရေခန်းလို့ ကုန်းပေါ်နေပြီလို့ သိရပါတယ်။ ကမ္ဘာကျော် အမွေအနှစ်ဖြစ်တဲ့ အင်းလေးကန်ကြီးဟာ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် နောင်လာနောက်သား မျိုးဆက်တွေအတွက် လက်ညှိုး ထိုးပြစရာ ရေကန်ကြီး မရှိတော့ဘဲ ပုံပြင်တစ်ပုဒ် ဖြစ်သွားပါလိမ့်မယ်။

.

အားလုံးကို အရင်း စစ်ရင်တော့ သစ်ပင်သစ်တော ပြုန်းတီးလာမှုဟာ အဓိက လက်သည်တရားခံ ဖြစ်ပါတယ်။ သစ်တောပညာရှင် တစ်ဦးဆီက တွေ့ရတဲ့ ၁၉၇၅-၂၀၂၅ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှု အခြေအနေ မြေပုံ အရဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာ ရှမ်းပြည်နယ်ဟာ သစ်တောပြုန်းတီးမှု အမြင့်ဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။ ဒုတိယကတော့ စစ်ကိုင်းတိုင်း ဖြစ်ပြီး တတိယက ကချင်ပြည်နယ် ဖြစ်နေပါတယ်။

.

ဒီဒေသတွေဟာ နယ်မြေ တည်ငြိမ်မှု အားနည်းလို့ တရားဥပဒေ စိုးမိုးမှု အားနည်းတာ၊ သစ်ထုတ်လုပ်မှုနဲ့ တခြား သတ္တုတူးဖော်မှုတွေ၊ စီမံကိန်းလုပ်ငန်းကြီးတွေကို မဆင်မခြင် လုပ်ဆောင်ခဲ့လို့ အခုလို စာရင်းမှာ အများဆုံး ဖြစ်နေတာလို့ သုံးသပ်နိုင်ပါတယ်။

.

သစ်ပင်တွေကို စီမံကိန်း အကြောင်းပြပြီး ခုတ်ထွင်တာဟာ သဘာဝ တရားကြီးကို ဖျက်ဆီးနေတာနဲ့ အတူတူ ပါပဲ။ ဒီတော့ ရှမ်းတောင်ဒေသ တစ်ခုလုံး၊ ရှမ်းပြည်နယ်ကြီး တစ်ခုလုံး သစ်တောသစ်ပင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို အခုထက် ပို တိုးပြီး လုပ်ဆောင်ကြရမှာ ဖြစ်သလို စီမံကိန်းကြီးတွေကိုလည်း တတ်နိုင်သမျှ ဘေးထွက်ဆိုးကျိုး နည်းအောင် လုပ်ဆောင်နိုင်ဖို့ တာဝန်ရှိသူတွေက ထိန်းသိမ်းကြပ်မတ် သွားရမှာ ဖြစ်ပါတယ်။



ဒါ့အပြင် မြို့/ရွာ ဖွံ့ဖြိုးတိုးတက်ဖို့ဟူသော ခေါင်းစဉ်တပ်ပြီး လူနေတဲ့ အိမ်ရာစီမံကိန်းရော၊ လူ မနေတဲ့ စီမံကိန်းရော ခေါင်းစဉ်တွေတပ်၊ သူဌေးကြီး၊ သူဌေးငယ်များက ဘာလူကြီး၊ ညာလူကြီးတွေ အမိန့်နဲ့ သစ်ပင်တွေကို အတားအဆီး မရှိ ခုတ်လှဲနေတာကို မြင်တွေ့နေရတာကလည်း ကမ္ဘာကြီးကို ခဏထား ကိုယ့်ဒေသမှာပင် သစ်ပင်ဆိုတာ ဘာအရောင်လဲ မေးရတော့မလိုပင် ဖြစ်လာနေတာပါ။

.

တောင်ထိပ်ဆိုရင် ဘုရားတည် ကျောင်းဆောက်တဲ့ ဘာသာရေးဆိုင်ရာ ကုသိုလ်ပြုမှုထက် ရှိပြီး ဘုရားစေတီ ပုထိုးတွေကို ပြုပြင် ထိန်းသိမ်းတာ၊ သစ်တော သစ်ပင်ကို ကာကွယ်ထိန်းသိမ်းတာဟာ ပိုပြီး ကုသိုလ် ရနိုင်တယ်ဆိုတဲ့ အတွေးအခေါ် အမြင်တွေလည်း ကျယ်ပြန့်သင့်နေကြပါပြီ။

.

သစ်ပင်ရဲ့ အကျိုးကျေးဇူးကို ခုခေတ်မှာ google ခေါက် ရှာရင် အလွယ် သိမြင်နိုင်ပါတယ်။ အကျိုး ကျေးဇူးကိုလည်း အားလုံး အသိပါ။ သို့သော်လည်း ကိုယ်ကျိုးစီးပွားအတွက် တန်ဖိုးရှိလှတဲ့ သစ်ပင်တွေကို ခုတ်လှဲနေကြတာ ဖြစ်ပါတယ်။ ဒါတွေကို ကန့်ကွက် ရှုတ်ချ တားဆီးဖို့ လူတိုင်းမှာ တာဝန် ရှိသလို အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ သစ်ပင်ချစ်သူများ အားလုံးပါဝင်တဲ့ အဖွဲ့အစည်းတစ်ရပ် ဒေသတွင်းမှာ ရှိဖို့လည်း လိုအပ်နေပါပြီ။

.

ပြီးတော့ နောက်တစ်ချက်က နှစ်စဉ် မိုးရာသီတိုင်းမှာ မအောင်မြင်လာသေးတဲ့ သစ်ပင် စိုက်ပျိုးပွဲကြီး တွေကိုလည်း သေချာ ပြန်သုံးသပ်ဖို့ လိုနေပါသေးတယ်။ နှစ်တိုင်း သစ်ပင်စိုက်ပွဲကြီးတွေ လုပ်နေပေမဲ့ အောင်အောင်မြင်မြင် ဖြစ်လာတဲ့ သစ်တောရယ်လို့ လက်ညှိုးထိုးပြစရာ သိပ် မရှိလှပါဘူး။ တစ်ချိန်က မြန်မာပြည်အလယ်ပိုင်းက ပုပ္ပါးတောင်ဒေသ စိမ်းလန်းစိုပြေရေး လုပ်ဆောင်ချက်တွေကို ပြန်လည် အတုယူ သင့်လှပါတယ်။



ရှိပြီးသား သစ်တောသစ်ပင်တွေ မပြုန်းတီးရအောင် ထိန်းသိမ်း ကာကွယ်သွားဖို့ လိုသလို နောက်ထပ် သစ်ပင်သစ်တော အသစ်တွေလည်း တိုးပွားလာအောင်၊ အရင်က လျော့ပါးခဲ့တဲ့ သစ်တောတွေ နေရာမှာ ပြန်လည် ကုစားနိုင်အောင် အားလုံး ဝိုင်းဝန်းကြိုးစားသွားဖို့ လိုအပ်နေပါတယ်။

.

သစ်ပင်ကို ချစ်ခင်လို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြပါမှ သဘာဝ တရားကြီးကလည်း လူသားတွေကို ပြန်လည် ချစ်ခင်ပြီးတော့ စိမ်းလန်းတဲ့ သဘာဝပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတော့တယ်။ ဒါကြောင့် သစ်တောသစ်ပင် ချစ်ခင်ကြပြီး ဘဏ်တိုက်ကို စိုးမိုးထားစေချင်မိပါတယ်။ သစ်တောသစ်ပင်တွေကို အချစ်ပိုပြီး ဘဏ်တိုက်ကို ခိုးတာမျိုးတော့ လက်ရှောင်စေချင်ကြောင်း လူကြီးမင်း “ပူတယ်ဆိုရင် သစ်ပင်မခုတ်ပါနဲ့”လို့ အပူရှောင် ယက်ခတ်ရင်း တိုက်တွန်း ရေးသား လိုက်ရပါတယ်။

.

ကိုစိုး

No comments:

Post a Comment

Pages